Friday 19 April 2024

ငါး မရမ်းပြား အချဉ်ချက်

 



မာမာဒီနေ့တော့ က ကတစ်ငါး အသားလွှာပြီးသား တစ်ကီလို ဝယ်လာပြီး ငါးသောက်ဆမ်း ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်ပါတယ် အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးသောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး အသားလွှာပြီးသား - နှစ်ပြား (တစ်ကီလိုခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. မရမ်းပြားအခြောက်- အခြမ်း နှစ်ဆယ်ခန့်
  5. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  6. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. သံပုရာသီး - အနေတော် တစ်ခြမ်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ရေ - ယောက်ချိုဇွန်း လေးဇွန်း
ပြင်ဆင်ပုံ

  • ငါးအသားပြားကို ရေဆေးပြီး ရေစစ်ပေးထားပါ
  • ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် အနေအထား ထောင်းထားပါ
  • မရမ်းပြားကို ရေသုံးထပ်လောက်ဆေးပြီး ရေများများနှင့် နှစ်နာရီလောက် စိမ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းကို ထည့်ပြီး အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  မရမ်းပြားများ ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်နီတို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ငါးအသား မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးအရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုပ် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • က ကတစ်ငါး အရည်သောက်ဆမ်း ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment