Sunday 14 April 2024

ခရမ်းကြွတ်သီး ငပိချက်

 




အခုရက်ထဲ ဆောင်းဉီးဝင်လာပြီ ဖြစ်တဲ့အတွက် ရာသီဥတုက အေးလွန်းသလို မိုးကလဲ အဆက်မပြတ် ရွာနေလေတော့ ချဉ်ငံစပ်လေးတွေ စားမှဘဲ ထမင်းက စားလို့မြိန်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ဆီမပါပေမဲ့ အရမ်းစားလို့ကောင်းတဲ့ ခရမ်းကြွတ်သီးလေးတွေနဲ့  ငါးငပိချက်လေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ခရမ်းကြွတ်သီး ငါးငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းကြွတ်သီး - အလုံး သုံးဆယ်ခန့်
  2. ထောင်းပြီးသား ငရုတ်သီးစိမ်း - ထမင်းစားဇွန်း ငါးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ကြက်သွန်နီ - အနေတော် သုံးလုံး 
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  7. မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းကြွတ်သီးများကို အညှာခြွေပြီး ထက်ဝက်ခြမ်းကာ ရေခပ်များများထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ငါးပိချက်ချက်ပုံ
  • အိုးတစ်လုံးထဲမှာ ပါ၀င်ပစ္စည်းများ အားလုံးကို ထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာ သမအောင် မွှေပေးပြီး ခရမ်းသီးများ နူးတဲ့အထိ တည်ပေးပါ
  • ခရမ်းသီးများ နူးလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  ခရမ်းကြွတ်သီး ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment