Wednesday 17 April 2024

ကြက်သားဟင်း (ပလာတာနှင့်စားရန်)



မာမာဒီနေ့တော့ ပလာတာနဲ့ စာရဖို့အတွက် ကြက်သားနဲ့ အာလူးကို ဆီလည်ရေလည်လေး ချက်ပါတယ် မာမာ့လိုဘဲ ချက်စားချင်တဲ့  သူတွေအတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (၁၀ယောက်စာ)
  1. ကြက်သား - တစ်ကီလို  (အရိုးအသား တွဲသုံးပါ)
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  5. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
  6. ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
  10. ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
  11. အာလူး - ကီလိုဝက်
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးအရသာနယ်ရန်)
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အာလူး အရသာနယ်ရန်)
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူး အရသာနယ်ရန်)
  15. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (အာလူးကြော်ရန်နှင့် ဆီသတ်ရန်)
  16. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  18. ကရဝေးရွက် -နှစ်ရွက်
  19. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  20. ဂေါ်ဖီထုပ် - တစ်စိတ်
  21. ကြက်သွန်နီ - အနေတော် ငါးလုံး
  22. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  23. သံပုရာသီး - ငါးလုံး
  24. ပူစီနံ - မိမိနှစ်သက်သလောက်

ကြက်သားချက်ရန်
  • ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဇလုံထဲမှာ ကြက်သား နနွင်းမှုန့် ဆား အရသာမှုန့်နှင့် မဆလာတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီခန့် နှပ်ထားပေးပါ
ငရုတ်သီးထောင်းရန်
  • ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
  • မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်ကြ
  • က်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ
အာလူးကြော်ရန်
  • အာလူးများကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ပြီးတာနဲ့ အာလူးမ်ားကို နနွင်းမှုန့် အရသာမှုန့်နှင့် ဆားတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပေးပါ
  • အာလူးတစ်တုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပေးထားပါ
ဟင်းချက်ရန်
  • အာလူးကြော်ထားသော ဆီအိုးထဲမွာ ပဲနံ့သာစေ့နှင့် ကရဝေးရွက်တို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ပြီးနှပ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သားများ လုံးမိအောင် မွှေပေးပါ
  • ကြက်သားအသား မာကျစ်လာတာနဲ့ အာလူးကို ထည့်ပေးပြီး ရေကိုနည်းနည်းချင်း ထည့်ပြီးချက်ပေးပါ
  • ကြက်သားနှင့်အာလူး နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
  • အာလူးနှင့် ကြက်သား နူးလာပါက ဆီလည်ရေလည် အနေအထား ရလာပါက ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးပါ
  • ဟင်းရည် ပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိိိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ကြက်သားဟင်းရည် ရပြီဖြစ်တဲ့အတွက် မီးပိတ်ပေးပါ။

No comments:

Post a Comment