Friday 27 October 2017

ကြက်သား ဖက်ထုတ်ပေါင်း









ဆိုင်မှာသွားစားရင် မတန်လွန်းလို့ ဒီတခါတော့ အိမ်မှာဘဲ အပင်ပန်းခံကာ ဖက်ထုတ်ပေါင်းလေး လုပ်စားဖြစ်ပါတယ် လက်ဝင်ပေမဲ့ စားလို့ကောင်းတဲ့အတွက် ဖက်ထုတ်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 350 g
  2. Wonton skin  - အရွက်၃၀ခန့် ready made အရွက်ကို သုံးထားပါတယ်
  3. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. Mushroom soy sauce - ထမင်းစားဇွန်း တစ်ဇွန်း
  6. Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင် (40 mlခန့်)
  9. နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်

ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားကို အသားကြိတ်စက်ဖြင့် ကြိတ်ထားပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တဆစ်စာ အနေလောက် လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတလုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ကြက်သား ကြက်သွန်မိတ် ဆီ ငရုတ်ကောင်းမှုန့် Mushroom soy sauce ဆား အချိုမှုန့် နှမ်းဆီ  cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ
ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ
  • Wonton skin ကို တရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီဝက်လောက် ကြိုထုတ်ထားပေးပါ
  • ရေခဲပျော်မှ တရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
  • လက်ညိုးနှင့် လက်မကို အဝိုင်းလေး လုပ်ပြီး Wonton skin တရွက်ကိုယူကာ တင်ပေးပါ
  • ထိအရွက်ထဲကို အစာထမင်းစားဇွန်း တဇွန်းစာ ထည့်ပေးပြီး လက်မနှင့် လက်ညိုးကို ညှစ်ပေးကာ အစာများ အပြင်ကို မထွက်အောင် အသာလေး ဖိပေးပါ
  • ထိုနည်းအတိုင်း အစာကို ကုန်အောင် ထုတ်ပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တခုနှင့် တခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
  • ချက်ချင်း ပေါင်းမစားသေးပါက နာရီဝက်လောက် လေသလပ်ခံပြီးမှ အိတ်တလုံးထဲ ထည့်ကာထားပြီး သိမ်းပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိုင်သလောက် ပေါင်းပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ အပေါ်ထပ်မှာ သိမ်းထားပြီး လိုမှထုတ်၍ မိမိနှစ်သက်သလို ကြော်စား ပေါင်းစား နိုင်ပါတယ်။

ပေါင်းရန် ပြင်ဆင်ပုံ
  • မိမိစားနိုင်သလောက် ဖက်ထုတ်များကို ပေါင်းရန်အတွက် ပေါင်းအိုးဇကာထဲ ထည့်ပေးပါ
  • ပေါင်းအိုး အောက်ခံ အိုးထဲကို ရေတဝက်လောက်ထည့်ပြီး ပူအောင်တည်ပေးပါ
  • ရေနွေးအိုး အိုးပူလာတာနဲ့ဖက်ထုတ်ထည့်ထားသော ပေါင်းဇကာကို အဖုံးအုပ်ပြီး တင်ပေးပါ
  • ရေနွေးအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ပေါင်းအိုးအောက်ခံ အိုးထဲမှ ရေများ ခနလေး ခမ်းသွားတတ်ပါတယ်
  • ဖက်ထုတ်ပေါင်းချိန် ၂၅မိနစ်လောက် ပေါင်းပေးပြီးရင် ရပါပြီ
  • အရသာရှိလွန်းသော ကြက်သား ဖက်ထုတ်ပေါင်းကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိုင်ပါပြီ။

No comments:

Post a Comment