Friday, 6 October 2017

ထိုးမုန့် စိမ့်စိမ့်လေး






















ထိုးမုန့်လုပ်နည်းလေး တင်ပေးမယ်ဆိုပြီး ပုံလေးတွေ တင်ထားပြီးကာမှ မာမာ့blog လေးကို စိတ်ထားမကောင်းသူ လူတစုက ဖျက်လိုဖျက်ဆီး လုပ်တာကြောင့် မုန့်လုပ်နည်းလေး တင်ဖို့ကို နှောင့်နှေးခဲ့ရပါတယ် ဒီနေ့တော့ အဆင်ပြေသွားပြီမို့ မာမာလုပ်တဲ့ ထိုးမုန့်လုပ်နည်းလေး ဘလော့မှာ ပြန်တင်ချင်တာနဲ့ ပြန်တင်ပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် - 200g
  • သကြားဖြူ - 50g
  • ဆီ - 50g
  • ထောပတ် - 200g
  • ဘိန်းစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
  • မြေပဲလှော် - အစေ့ ၂၀ခန့်
  • အုန်းနို့ - 200ml
  • ရေ - 50ml
  • အုန်းသီးမှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး  (အုန်းသီးမှုန့်ကြော်ရန်)
ပြုလုပ်ပုံ
  • အရင်ဆုံး ရေနှင့်အုန်းနို့ကို ပူတယ်ဆိုရုံလေး အပူပေးလိုက်ပါ
  • ပူလာတာနဲ့ကောက်ညှင်းမှုန့်ကိုထည့်ပြီး သမသွားအောင် မွှေပေးပါ
  • နောက်ထပ်အိုးတလုံးနှင့် ဆီနှင့် ထောပတ်ကို အပူပေးပြီး ထောပတ်ပျော်အောင် မွှေပေးပါ
  • ထောပတ်ပျော်လာတာနဲ့ ကောက်ညှင်းအိုးထဲထည့်ပြီး မွှေပေးပါ
  • မွှေနေစဉ် အဆက်မပြတ်မွှေပေးပြီး သကြားကို ထည့်မွှေပေးပါ
  • လက်အားသန်သန်နှင့် ၁၀မိနစ်လောက်မွှေပေးပြီး မုန့်သားကြည်လာတာနဲ့ ဘိန်းစေ့နှင့် မြေပဲကို ထည့်မွှေပေးပါ
  • မုန့်သားလဲကြည်ပြီး ဘိန်းစေ့နှင့် မြေပဲလဲ သမသွားတာနဲ့ ထောပတ်ဆီများလဲ ပြန်ထွက်လာပါလိမ့်မယ်
  • မုန့်ဗန်းတခုထဲပြောင်းထည့်ကာ ဆီများပါထည့်ပြီး အအေးခံထားပါ
  • နှစ်ရက် သုံးရက် ကြာရင်တော့ ကောက်ညှင်းတို့ ထုံးစံအတိုင်း မာသွားတတ်တဲ့အတွက် မိုက်ခရိုဝေ့ထဲမှာ ၃မိနစ်လောက် အပူပေးပြီးမှ စားသုံးပါ။
အုန်းသီးကြော်ပုံ
  • ဆီကို အပူပေးလိုက်ပါ ဆီပူလာတာနဲ့ အုန်းသီးဖတ်များကို ထည့်ကြော်ပေးပါ
  • အုန်းသီးဖတ်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်ပြီး အေးသွားတာနဲ့ အအေးခံထားသော ထိုးမုန့်အပေါ်မှာ ဖြူးပြီးစားသုံးနိုင်ပါပြီ

No comments:

Post a Comment