Wednesday 11 October 2017

ကြက်သားကင်




ဒီနေ့တော့ မြန်မာပါးစပ်နဲ့ အရသာတွေ့စေမဲ့ ကြက်သားလေး ကင်ဖြစ်တာမို့လို့ မွှေးမွှေးလေးနဲ့ စားလို့ကောင်းတဲ့ ကြက်သားကင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်သား​ - တစ်ကီလို
  2. ခရုဆီ  - ထမင်းစားဇွန်း ၆ဇွန်း       
  3. ဟင်းချက်ဝိုင် - ထမင်းစားဇွန်းတစ်ဇွန်း
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နံနံပင်အခြောက်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  10. သံလွင်ဆီ - အနည်းငယ်
  11. ဆီ - လိုသလောက်

ပြင်ဆင်ပုံ

  • ကြက်သားကို ရေဆေးပြီး ရေခန စစ်ထားပေးပါ
  • ဆား အရသာမှုန့် နံနံပင်အခြောက်မှုန့် ငရုတ်ကောင်းမှုန့် ခရုဆီ ငရုတ်ကောင်းမှုန့် ဟင်းချက်ဝိုင်တို့ဖြင့် အရသာနယ်ကာ  ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၄နာရီလောက် နှပ်ထားပေးပါ
  • မာမာကတော့ အသားထဲကို အရသာ ပိုပြီးဝင်အောင် ရေခဲသေတ္တာထဲမှာ တညသိပ် ထားပြီးမှ ကင်ပါတယ်
အသားကင်ရန်
  • အသားကင်သည့်အိုး သို့မဟုတ် မကပ်သော ဒယ်အိုးကို အပူပေးပါ
  • မာမာကတော့ မကပ်တဲ့ ဒယ်အိုးလေးနဲ့ ကင်ပေးပါတယ်
  • အိုးပူလာတာနဲ့ သံလွင်ဆီ အနည်းငယ်သုတ်ပြီး အသားများကို အကင်အိုးပေါ် တင်ပေးပါ
  • ကင်နေစဉ် အသားခြောက်ကပ်ကပ်ကြီး မဖြစ်စေရန် အရသာနယ်ထားသော အနှစ်များနှင့်ဆီကို အသားကင်ပေါ် မကြာမကြာ သုတ်ပေးပါ
  • အသားကင်နေစဉ် အသားကင်မှ ထွက်လာသော အဆီများကို ပန်းကန်သန့်သန့်နှင့် ခပ်ထားပေးပါ
  • အသားတုံး ကြီးပါက ကင်ချိန်ကို အချိန်ပိုပြီး ကင်ပေးပါ
  • အသားတုံး သေးပါက ကင်ချိန်ကို ချင့်ချိန်ပြီး ကင်ပေးပါ
  • မကျက်တကျက် အနေတော် ကြိုက်တယ်ဆိုရင်တော့ တဖက်ကို ၃မိနစ်ခွဲလောက် ကင်ပေးပါ
  • နောက်တဖက်လှန်ပြီး ၃မိနစ်ခွဲလောက် ကင်ပေးပြီးပါက အကင်အိုးပေါ်မှ ဖယ်ပေးပါ
  • မကျက်တကျက် မစားရဲပါက တဖက်ကို ၅မိနစ်လောက် အချိန်ကြာအောင် ကင်ပေးပါ
  • ကင်နေစဉ် ကြက်သားကို တူးကပ်မသွားစေရန် မကြာမကြာ လှန်လှန်ပေးပြီး ကင်ပေးပါ
  • အားလုံးကင်ပေးပြီးတာနဲ့ အသားထဲမှ ထွက်လာသော အရသာ အဆီများနှင့်အတူ ဒယ်အိုးတလုံးထဲ ထည့်ပေးပြီး တမိနစ်သာသာ ရောပြီး အပူပေးပါ
  • မာမာကတော့ ကြက်သားကင်အရသာ ပိုမွှေးသွားအောင် ကင်ပြီးသား ကြက်သားနဲ့ အဆီများကို ရောထည့်ကာ ၁၈၀ အပူချိန်နဲ့ နာရီဝက်လောက် အပူပေးထားတဲ့ အာဗင်ထဲထည့်ပြီး ၅မိနစ်လောက် အပူပေးလိုက်ပါတယ်
  • ကင်ပေးပြီးပြီဆိုတာနဲ့ ပန်းကန်ပြား တခုထဲမှာ ကြက်သားကင်ကို ပြင်ပေးပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment