Monday 22 June 2015

မုန့်ဗိုင်းတောင့်



ဆန်မှုန့်

ရေနှင့်ဆန်မှုန့်ကို စေးပိုင်သွားအောင် နယ်ပေးပါ

ရေပွက်ပွက်ဆူနေသော အထဲမှာ 
မုန့်သားကြည်လာတဲ့အထိ ပြုပ်ပေးပါ

မုန့်သားပြုပ်ပြီးသားကို ဆီနှင့်သမအောင်
 နယ်ပေးပါ

နှပ်ထားပြီးသား မုန့်သားကိုအနေတော်ယူကာ 
လက်ဝါးနှစ်ဖက်နှင့် ပွတ်ပေးပါ

ပဲဆုတ်အစား ကပ်ကြေးကိုက်လေးစားရအောင်
လက်ဆုတ်လေးလဲ ထည့်ပေါင်းနိုင်ပါတယ်

ပေါင်းဇကာထဲကို အ၀တ်စ သန့်သန့်
ခင်းပြီး မုန့်များကို ထည့်ပေးပါ

မုန့်များကို အ၀တ်စဖြင့်အုပ်ကာ မိနစ်၂၀မှ 
၂၅မိနစ်အကြား ပေါင်းပေးပါ

မုန့်သားကြည်ပြီး အိလာပြီဆိုရင် ရပါပြီ


ပဲဆီမွှေးမွှေးလေးဆမ်းကာ နှမ်းထောင်း
အုန်းသီးမှုန့်တို့နှင့်စားသုံးနိုင်ပါပြီ

ဒီနေ့တော့ ရာသီဥတု အေးအေးလေးမှာ မုန့်ဗိုင်းတောင့် ပူပူလေး စားချင်လာတာနဲ့ ကိုယ်စားချင်တာလေး ကိုယ်လုပ်စားတယ်ပေါ့နော် မာမာ အခုလုပ်တဲ့ နည်းလေးက မြန်မာ့ရိုးရာ နည်းစစ်စစ်လေးပါ ပေါင်းအိုးလေး ရှိရုံနဲ့ ဖြစ်သလို မိုက်ကရိုဝေ့ မလိုသလို ထုံးရည်ကြည်လဲ မလိုပါဘူး ရိုးရိုးလေးပါဘဲ လုပ်ရတာ လွယ်သလို စားရတာလဲ အင်မတန်ကောင်းပါတယ်။

မြန်မာပြည်မှာ နေတုံးက မုန့်ဗိုင်းတောင့် ရောင်းတဲ့မုန့်သည်လေးနဲ့ ခင်နေတော့ သူ့ကို လုပ်နည်းလေး မေးပါတယ် သူက ဆရာ စားမချန် ပြောပြပေးတဲ့အတွက် သူပြောပြတဲ့ နည်းအတိုင်းလေး လုပ်ထားပါတယ် မုန့်ဗိုင်းတောင့်က ဆန်တော့ နည်းနည်းရွေးပါတယ် မြန်မာပြည်က ပေါ်ဆန်းမွှေး ဆန်မျိုးဆိုရင်တော့ ပိုပြီးကောင်းပါတယ်။

မာမာကတော့ အခု ထိုင်းကလာတဲ့ ဆန်မှုန့်နဲ့ဘဲ လုပ်ထားပါတယ် ပေါ်ဆန်းမွှေးလို မမွှေးပေမဲ့ စားလို့တော့ အရမ်းကို ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ




  1. ဆန်မှုန့် - 2 cups
  2. ရေ - ဆန်မှုန့်ချင်သောခွက် 1 cup
  3. ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  4. နှမ်းထောင်း - မိမိနှစ်သက်သလောက်
  5. အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်
  6. ပဲဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ဆန်မှုန့်ကို ဇလုံကျယ်ကျယ်ထဲထည့်ပြီး ရေနည်းနည်းခြင်းထည့်ကာ စေးလာတဲ့ထိ နယ်ပေးပါ
  • ဆန်မှုန့်အပျော့ အမာပေါ် မူတည်ပြီး ရေကို လိုတိုးပိုလျော့ လုပ်ပေးပါ
  • ဆန်မှုန့်နှင့်ရေ ရောပြီးနယ်ပြီးပါက အလုံးလေးတွေရအောင် လက်နှစ်ဖက်နှင့် ဆုတ်ဆုတ်ပြီး လုံးလိုက်ပါ
  • ဇောက်နက်သော အိုးတလုံးထဲ ရေများများထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက လုံးထားသော မုန့်လုံးကို ထည့်ပြီး အဖုံးအုပ်ပြီး တည်ပေးပါ
  • အကြာကြီး တည်စရာမလိုဘဲ ၄မိနစ်လောက်နေရင် အဖုံးဖွင့်ကြည့်ပါ 
  • မုန့်သား အကြည်ရောင်ကို ပြောင်းလာပါက ဇလုံတလုံးထဲကို ဆယ်ထဲ့ပါ
  • မုန့်သားကို သစ်သားယောင်းမနှင့် ထိုးချေပေးပြီး ဆီထည့်ကာ လက်နှင့်အားပါပါ ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • လက်ဖနှောင့်နှင့်ဖိလိုက် လက်နှင့်ဆုတ်ပြီးနယ်လိုက်ကို ၅မိနစ်လောက်လုပ်ပြီး မုန့်သားစေးကပ်လာပါက မုန့်လုပ်ဖို့ ပြင်နိုင်ပါပြီ
  • လက်ညှိုးလက်မ လက်ခလယ် လက်၃ချောင်းနှင့် မုန်းသားကို အနေတော်ယူကာ လက်ဖ၀ါးနှစ်ဖက်နှင့် ပွတ်ပေးပါ
  • လုံးချောသော မုန့်ဗိုင်းတောင့် မုန့်သားချောချောလေးလေးတွေ ရလာပါမယ်
  • အားလုံးပြီးပါက ပေါင်းအိုးဇကာထဲကို အ၀တ်စသန့်သန့်ခင်းပြီး မုန့်များကိုထည့်ပေးပါ
  • အောက်ခံအိုးထဲ ရေထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူနေအော အိုးပေါ်သို့ မုန့်သားထည့်ထားသော ပေါင်းဇကာကိုတင်ပြီး မိနစ်၂၀မှ ၂၅မိနစ်အတွင်း ပေါင်းပေးပါ
  • မုန့်သားများ ကြည်လာပြီး ပျော့အိလာပါက ပဲဆီဆမ်းကာ နှမ်းထောင်း အုန်းသီးမှုန့်တို့နဲ့နှစ်သက်သလို စားသုံးနိုင်ပါပြီ
  • ပဲဆုတ်အစား ရိုးရိုးမုန့်သားကို လက်နှင့်ဆုတ်ပြီး ထည့်ပေါင်းကာ ကျက်သွားပါက ကပ်ကြေးနှင့်ညှပ်ကာ ပဲဆီဆမ်းပြီး နှမ်းထောင်း အုန်းသီးမှုန့်တို့လဲ နယ်ပြီးစားနိုင်ပါတယ် အရသာတူပေမဲ့ ၀ါးရတာ အရသာမတူတဲ့ အဆန်းလေးလဲ လုပ်စားနိုင်ပါတယ်
  • ပဲအရသာ ကြိုက်သူများကတော့ ပဲလွန်းပြုပ်နဲ့နယ်ပြီး ပဲဆုတ်လေး လုပ်စားနိုင်ပါတယ်။

5 comments:

  1. မုန့်ဗိုင်းတောင့် ပူပူလေး စားသွားပါတယ်နော် .. ခရမ်းကဆော့သီးချက် နည်းကိုလဲ မှတ်သွားပါတယ် .. ခရမ်းကဆော့သီးကို တို့စရာ အဖြစ်ဘဲ စားခဲ့တာ .. အခု နည်းအသစ် သိသွားပါပြီ .... ^___^

    ReplyDelete
    Replies
    1. ခရမ်းကစော့သီးးကို နူးအောင်ချက်ရင် အရမ်းစားကောင်းပါတယ် ချက်စားကြည့်နော်

      Delete
  2. တော်လိုက်တာမာမာရေ.... စိတ်ရှည်လက်ရှည်လုပ်ရမယ့်သဘောရှိတယ်။ မုန့်လုံးရေပေါ်လုံးတာထက် ပိုလက်ဝင်မယ့်ပုံပဲ။

    ReplyDelete
  3. လုပ်နည်းလေးတော့ ပိုသွားတယ် တီတင့်ရေ
    သိပ်တော့ မပင်ပန်းလှဘူးပေါ့နော် မုန့်လုံးရေပေါ်ကတော့ အဆင့်နည်းပြီး လုပ်ရတာ ပိုလွယ်သလိုဘဲနော်

    ReplyDelete
  4. မနက်ဖန် ဒီနည်းအတိုင်း မုန့်ဗိုင်းတောင့် လုပ်စားမယ်

    ReplyDelete