Wednesday 29 November 2023

ကင်မ်ချီ ထမင်းကြော်

 



ဒီနေ့တော့ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ ကင်မ်ချီ ထမင်းကြော်လေး ကြော်ဖြစ်ပါတယ် မိုးလေအေးအေးလေးနဲ့ ချမ်းနေတဲ့ ရာသီဥတုနဲ့တော့ ထမင်းကြော်လေးက အံကိုက်ပါဘဲ။

ကင်မ်ချီ လုပ်ပြီးသား အဆင်သင့် ရှိရုံနဲ့ ထမင်းကြော်ကို ကြော်လို့ပါတယ် ကင်မ်ချီ လုပ်ပြီးသားထဲမှာ အရသာ အစုံပါ၀င်ပြီးသား ဖြစ်တဲ့အတွက် အရသာပြည့်စုံတဲ့ ထမင်းကြော်တမယ် ရလာမှာဖြစ်လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ထမင်းကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ထမင်းချက်ရန်)
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
  5. ကင်မ်ချီ - ထမင်းစားဇွန်း ငါးဇွန်းသာသာ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  • ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • ချက်ထားသော ထမင်းကျက်တာနဲ့ ထမင်းကို အအေးခံပြီး ဖွထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းယောင်သန်းလာတာနဲ့ ကင်မ်ချီကိုထည့်ပြီး ရောကြော်ပေးပါ
  • နှစ်ချက် သုံးချက်လောက် ဆက်တိုက် မွှေပြီးတာနဲ့ အအေးခံထားသော ထမင်းဖြူ ဆား အရသာမှုန့်နှင့် ငါးငံပြာရည်ထည့်ပြီး အထက်အောက် သမအောင်မွှေပေးပါ
  • အားလုံး အရသာ သမသွားတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာရှိလွန်းတဲ့ ကင်မ်ချီ ထမင်းကြော်ကို မိမိ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment