Thursday 23 November 2023

ပလာတာ ပဲရည်သုပ်

 






ဒီနေ့တော့ ပလာတာလေးတွေ လုပ်ဖြစ်တာနဲ့ ပလာတာ ပဲရည်သုပ်လေး သုပ်စားဖြစ်ပါတယ် လိုအပ်တာလေးတွေကတော့ စမူဆာ  ပဲရည်သုပ်ထဲက အတိုင်းပါဘဲ။

စမူဆာအစား ပလာတာ ပြောင်းပြီး ထည့်လိုက်ရုံပါဘဲ မိသားစု အားလပ်ရက်လေးမှာ သုပ်စားနိုင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတာလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ပလာတာ - အခု နှစ်ဆယ်
  2. ဆင်ခေါင်းပဲ - 400 g (ပြုပ်ပြီးသား)
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - ခပ်ပါးပါး သုံးပြား
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  7. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  8. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(ပဲဆီသတ်ရန်)
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ပဲဆီသတ်ရန်)
  15. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  16. ကြက်သွန်နီ - အနေတော် နှစ်လုံး
  17. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  18. သံပုရာသီး - နှစ်လုံး
  19. ပူစီနံ - မိမိနှစ်သလောက်

ပဲ အာလူးဟင်းအတွက် ပြင်ဆင်ပုံ
  • Ready made ဆင်ခေါင်းပဲ ပြုပ်ပြီးသား ဗူးကိုဖောက်ပြီး ပဲများကို ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  နှင့်ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ် စိတ်ပြီး ရေဆေးထားပါ
  • မန်ကျည်းမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနည်းငယ်နှင့် စိမ်ထားပါ
  • ဆင်ခေါင်းပဲ ငါးငံပြာရည် အာလူး ဆား အရသာမှုန့် ဆီ မဆလာနှင့် နနွင်းမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ အာလူးကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ကို ထည့်မွှေပေးပြီး အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးတာနဲ့ ဆင်ခေါင်းပဲ အရသာမှုန့် ဆားနှင့် မန်ကျည်သီးမှည့် အရည်နှင့် ရေမြုပ်အောင် ထည့်ပေးကာ တည်ပေးပြီး အရသာ မြည်းပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး ရေခမ်းကာ နီးတာနဲ့ မဆလာအုပ်ကာ မီးပိတ်ပေးထားပါ

ပဲဟင်းရည်အတွက် ပါ၀င်ပစ္စည်းမျာ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  2. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ပဲရည်အိုးထဲထည့်ဖို့ ဆီသတ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ကြက်သွန်နီ - ခပ်သေးသေး ဆယ်ငါးလုံး
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ရေ - တရုတ်ဟင်းပြင်ပန်းကန် နှစ်လုံးသာသာ
ပဲဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးသာသာထည့်ပြီး ပဲမှုန့်များ ကျေသွားအောင် ချေထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီးထောင်းထားပါ
  • ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
  • ဆား ရေ ဆီ နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ကြော်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ အရည်ဖျော်ထားသော ပဲအရည်များကို ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ
  • ပဲအရည်များ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  • ပဲရည်များ ပြစ်လာပြီး ပဲစိမ်းနံ့ ပျောက်လာပါက ရေနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
  • ပဲရည် ခပ်ကျဲကျဲလေး ရလာတာနဲ့ ဆီသတ်ထားသော ငရုတ်သီး ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးနဲ့ မီးဖိုပေါ်မှာ ပဲဟင်းရည်အိုးကို တင်ထားပေးပါ။

ပလာတာ သုပ်ရန်
  1. ပလာတာများကို ကပ်ကျေးဖြင့် ခပ်ထူထူလေးတွေ ညှပ်ထားပါ
  2. ချက်ထားသော ပဲဟင်းရည်ကို ပြင်ထားပါ
  3. ကြက်သွန်ကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  6. ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  7. သံပုရာသီးကို ရေဆေးကာ အစိတ်တွေ စိတ်ထားပါ
တစ်ပွဲစာအတွက် ပြင်ဆင်ပုံ
  1. ပန်းကန်တစ်ခုထဲမှာ ပလာတာ ဂေါ်ဖီ အနည်းငယ် ကြက်သွန်နီ အနည်းငယ် ပဲအာလူးဟင်း အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ပူစီနံ အနည်းငယ် ထည့်ပေးပါ
  2. ပြီးတာနဲ့ သံပုရာသီး တစ်စိတ်ရဲ့ အရည်ညှစ်ကာ ပဲဟင်းရည်ကို မိမိနှစ်သက်သလောက် ဆမ်းပေးပြီး အရသာ အပေါ့အငံကို လိုသလိုပြင်ပေးပြီး ပလာတာ ပဲရည်သုပ်ကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။။

No comments:

Post a Comment