ဒီနေ့မနက်စောစော ဘာစားချင်မှန်း မသိဖြစ်နေတုန်း မနေ့က ကျိုထားတဲ့ တို့ဟူးတုန်းလေးကို သတိရတာနဲ့ ခြံထဲမှာ သံပုရာရွက်လေး ဆင်းခူးကာ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် တို့ဟူးသုပ်က ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့အတွက် သံပုရာရွက်နံ့ မွှေးမွှေးလေးနဲ့ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကျိုပြီးသား တို့ဟူး - သုံးလက်မပါတ်လည်စာ တစ်တုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ (ဆီချက်ချက်ရန်)
- ပဲအကျက်မှုန့် - လိုသလောက်
- အချိုမှုန့် - လိုသလောက်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- သံပုရာရွက်အနု - နှစ်သက်သလောက်
- မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
- ငါးငံပြာရည် - လိုသလောက်
- ဆီ - လိုသလောက် သုံးပေးပါ
- ငရုတ်သီးအကျက်မှုန့် - နှစ်သက်သလောက် သုံးပေးပါ
ကြက်သွန်ဖြူဆီချက် ချက်ရန်
- ကြက်သွန်ဖြူ အမွှာကြီးကြီး ဆယ်မွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးတစ်လုံးထဲမှာဆီ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးစာနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
- ကြက်သွန်ဖြူများ အဝါရောင် သန်းလာပြီး ကြွတ်လာတာနဲ့ ဆယ်ပေးကာ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
- ဆီကိုအအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ
ပြင်ဆင်ပုံ
- တို့ဟူးကို မထူမပါးလေးတွေ လှီးပေးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- သံပုရာရွက်ကို ရေဆေးပြီး ပါးပါးရိပ်ရိပ်လေးတွေ လှီးထားပါ
- မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
- လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ တို့ဟူးတစ်ပွဲစာကို ထည့်ထားပေးပါ
- ထိုဇလုံထဲမှာ ကြက်သွန်နီ အနည်းငယ် သံပုရာရွက် အနည်းငယ် ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း မန်ကျည်းမှည့်ရည် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အကျက်မှုန့် တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
- အရသာ သမသွားတာနဲ့ မြည်းပေးပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာကို ပြင်ပေးကာ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချဉ်ငံစပ် တို့ဟူးသုပ် အသုပ်ပွဲကို ပြင်ဆင်ပေးနိူင်ပါပြီ။
Very nice presentation!
ReplyDeleteThank you so much!
DeleteAs always, good recipe also
ReplyDeleteThanks
ReplyDelete