ဝါတွင်းကာလ သတ်သတ်လွတ်လေးတွေ စားလို့ရလေအောင် ဒီနေ့တော့ တို့ဟူးကို ကိုယ်တိုင်ကျိုကာ ချဉ်ချဉ်ငံငံ စပ်စပ်လေး ချက်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ သတ်သတ်လွတ် စားချင်တဲ့သူတွေ ချက်စားနိူင်အောင် မာမာချက်ထားတဲ့ တို့ဟူးဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
တို့ဟူးကျိုနည်း
- ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူးကို ရေအေး ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၇ဗူးခွဲနဲ့စိမ်ပါမယ်
- ပဲမှုန့်များကို ရေစိမ်ရာတွင် ခဲနေသောပဲမှုန့်များကို လက်နှင့်ချေပေးပါ
- ပဲမှုန့်ရေစိမ်ထားချိန် ၆နာရီလောက် ကြာရပါမယ်။
တို့ဟူးကျိုရန်
- မကပ်သော အိုးဇောက်နက်နက် တစ်လုံးကို မီးအပူပေးပါ
- တို့ဟူးကျိုပြီး ထည့်ရန် စတီးဇလုံ ( သို့) ဗူးတစ်ခုကို ဆီသုတ်ထားပေးပါ
- အိုးပူလာပြီဆိုတာနဲ့ မီးကို အနေတော် အလယ်အလတ်လောက် ရောက်အောင် လျှော့လိုက်ပါ
- အိုးထဲကို အရည်ဖျော်ထားသော ပဲအရည်ကြည်များ အရင်ဆုံးထည့်ပြီး ကျိုပါမယ်ပဲ
- အရည်ကြည် ထည့်ပြီးတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက် ထည့်ပြီး မွှေပေးပါ
- မွှေနေစဉ် ပဲရည်ကြည် ပျစ်လာတာနဲ့ အနည်ထိုင်နေသော ပဲအနှစ်များကို ထည့်ပြီး မွှေပေးပါ
- ပဲအနှစ်မွှေနေချိန်မှာ နဲနဲလေး ပြစ်လာတာနဲ့ဆီ ထမင်းစားဇွန်းနှစ်ဇွန်းလောက် ပဲအနှစ်ထဲထည့်ပြီး မွှေပေးပါ
- ပဲအနှစ်မွှေချိန် သိမ်မကြာပါဘူး ၁၀မိနစ်လောက်ဆိုရင် ရပါတယ်
- ပဲရည်ပြစ်လာပြီး တော်တော်လေး ခဲလာပြီဆိုတာနဲ့ ဆီသုတ်ထားတဲ့ ဗူး (သို့ ) ပန်းကန်ထဲ လောင်းထဲ့ပေးပါ
- နာရီ၀က်လောက်ဆိုရင် ကောင်းကောင်း ခဲပါပြီ။
တို့ဟူးချက်ရန်
- တို့ဟူးကို နှစ်သက်သလိုပုံစံ နည်းနည်းထူထူလှီးကာ တစ်ပွဲစာ ပြင်ထားပါ
- ခရမ်းချဉ်သီး ခပ်ကြီးကြီး တစ်လုံးကို ပါးပါးလှီးပါ
- ငရုတ်သီးစိမ် လေးတောင့်လောက်ကို အညှာခြွေပြီး ရေဆေးထား ပါးပါးလှီးထားပါ
- ကြက်သွန်နီတစ်ခြမ်းကို ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာကို ခပ်နုတ်နုတ် လှီးထားပါ
- ချင်းလက်တစ်ဆစ်ခန့်ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်မိတ်ကို လက်တဆစ်လောက် အရှည်အရွယ် လှီးထားပါ
- ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
- ပဲငံပြာရည် ထမင်းစားဇွန်း တ၀က်ပြင်ထားပါ
- အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ပြင်ထားပါ
- ဆီ ထမင်းစားဇွန်း နှစ်ဇွန်း ပြင်ထားပါ
တို့ဟူးချက်နည်း
- မကပ်သော ဒယ်အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာပါက ချင်း ကြက်သွန်အဖြူ အနီနှင့်ငရုတ်သီးမှုန့်တို့ကို ဆီသတ်ပါ
- ဆီသတ်နံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကျေအောင် ရေအနေတော်လောက် ထည့်မွှေပါ
- ခရမ်းချဉ်သီးများ ကျေလာတာနဲ့ဆား အရသာမှုန့် ပဲငံပြာရည်နှင့် ငရုတ်သီးစိမ်းတို့ကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
- ခရမ်းချဉ်သီးအနှစ် ပျစ်လာတာနဲ့ တို့ဟူးကိုထည့်ပြီး မမွှေဘဲ အိုးကိုလှုပ်ပေးပြီး အရသာ သမအောင်လုပ်ပေးပါ
- တစ်မိနစ်လောက် တည်ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မိတ်ထဲ့ပြီး တစ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
- ဟင်းရည် အနေတော်လေး ရလာတာနဲ့ ချဉ်ငံစပ် အရသာထူးတဲ့ တို့ဟူးဟင်းကို စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment