Tuesday 8 December 2015

အိမ်လုပ် ရှမ်းပဲငပိမွှေးမွှေးလေး



ပဲငပိလုပ်ရန် Soy Bean ပဲထုတ်

ပဲ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးကို
 ရမြုပ်အောင်ထည့်ပြီး တရက်စိမ်ပေးပါ

ရေစိမ်ပြီး ပွလာသောပဲကို ဆားထမင်းစားဇွန်း
 ၂ဇွန်းနှင့် ရေမြုပ်အောင်ထည့်ပြီး
ပဲနူးရုံလေးပြုပ်ပြီး ရေစစ်ထားပေးပါ

ပြောင်းဖူးဖက် အစိုကို ၂ရွက်ထပ်ခင်းပြီး 
ပဲထမင်းစားဇွန်း ၂ဇွန်းခွဲခန့်ထည့်ကာ လေ
လုံအောင်ထုတ်ပြီး အပေါ်မှ သရည်ကြိုးနှင့် စည်းပါ

ပဲအားလုံး ထုတ်ပြီးသွားပါက ပဲထုတ်များကို
 စီပြီးထပ်ကာ ဇကာတလုံးထဲမှာ ထပ်ပြီး
ထည့်၍ ၃ရက်မှ ၄ရက်လောက်ထားပေးပါ

၃ရက်မြောက်နေ့မှာ ပဲစေ့များ တခုနှင့်တခု 
စေးကပ်လာပြီး ရှမ်းပဲငပိအနံ့ရလာပါပြီ

၎ရက်မြောက်နေ့မှာ ရှမ်းပဲငပိချက်ရန် 
အဆင်သင့် အနေအထားကို ရပါပြီ

ရှမ်းပဲငပိချက်မွှေးမွှေးလေးနှင့် တို့စရာများ 
ပြင်ဆင်ကာ စားသုံးရန် ပြင်ဆင်နိုင်ပါပြီ

ဒီတခါတော့ ကိုယ်တိုင်လုပ် ရှမ်းပဲငပိ လုပ်နည်းလေးနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ် လုပ်ရတာ လွယ်ကူပေမဲ့ ပဲငပိထုတ်ဖို့ ရေသဖန်းရွက် မရှိလေတော့ ပြောင်းဖူးဖက်လေးနဲ့ဘဲ အဆင်ပြေအောင်ထုတ်ထားပါတယ်။

ပြောင်းဖူးဖက်နဲ့ လုပ်ထားတဲ့ ရှမ်းပဲငပိလေးပေမဲ့ မြန်မာပြည်က ရေသဖန်းရွက်နဲ့ထုတ်တဲ့ အရသာအတိုင်း ရတာမို့ အိမ်လုပ် ရှမ်းပဲငပိ သန့်သန့်လေး လုပ်စားနိုင်အောင် မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက်မှုန့် -  လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၄မွှာ
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  4. ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း သုံးဇွန်း
  5. ခရမ်းချဉ်သီး - အနေတော် ၅လုံး 
  6. ပဲငပိ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး                                      
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေစိမ်ပြီး ညက်နေအောင်ထောင်းပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက် ထောင်းထားပါ
  • ပဲငပိကို ပြင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • ငရုတ်သီးအကြမ်းမှုန့်ကို အဆင်သင့် ပြင်ထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူထောင်းကို မိနစ်ဝက် မရှိတရှိကြော်ပေးပါ။
  • ပြီးတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ကို မိနစ်ဝက်လောက် ထည့်ကြော်ပါ။
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီး မသွားတဲ့ထိ ချက်ပေးပါ။
  • ခရမ်းချဉ်သီးများ ကျေသွားတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထည့်ပြီး ၂မိနစ်လောက်မွှေပါ။
  • ပြီးတာနဲ့ ငံပြာရည်ကိုထည့်ပြီး မိနစ်ဝက်လောက် ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များမခမ်းခင် ပဲငပိနှင့် အချိုမှုန့်ကို ထည့်မွှေပါ။
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ ခမ်းလာပြီး ဆီမပြန်ခင် ငရုတ်သီးစိမ်း ထည့်မွှေကာ မီးပိတ်ပြီး အရသာမြည်း လိုသလိုပြင်ပေးပါ။
  • ပြီးတာနဲ့ ချဉ်ချဉ်ငံငံစပ်စပ် ရှမ်းပဲငပိချက် မွှေးမွှေးလေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ပါပြီ။

7 comments:

  1. ပဲပုပ်စေ့ (ပဲငပိ)လုပ်နည်းလေးပါထဲ့ထားပေးလို့ကျေးဇူးပါမမရေ
    ပဲရမှ အစမ်းလုပ်ကြည့်မယ်

    ReplyDelete
    Replies
    1. အရမ်းလွယ်တယ်
      လုပ်ကြည့်နော်

      Delete
  2. သူငယ်ချင်းမမကြီးတစ်ယောက်က ခဏခဏလုပ်ပေးလို့ အလွယ်နဲ့ များများရနေတော့မစမ်းဖြစ်ဘူး။
    စမ်းအုန်းမယ်မမာရေ။
    မှိုတက်သလားမမာ။ တချို့ ကမှိုတက်တယ်တဲ့။ တချို့ ကမတက်ဘူးတဲ့။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ပဲငပိက မှိုလိုမျိုး တက်မှ အနံ့ရပြီး ပဲနပ်တာနော်

      Delete
  3. ကျေးဇူးနော်မမာ။
    အိုင်အိုရာ

    ReplyDelete
  4. ပလပ်စတစ်အိတ်နဲ့လုပ်ရင်ကောရလားဗျာ မှိုတက်လာရင်ဖယ်ပစ်ရလား

    ReplyDelete
    Replies
    1. ပလပ်စတစ်အိတ်နဲ့ လုပ်ရင် ရတော့ ရပါတယ် ဒါပေမဲ့ သစ်ရွက်တွေနဲ့ လုပ်တာလိုတော့ အနံ့အရသာ မကောင်းနိုင်ပါဘူး
      ပဲငပိက မှိုတက်မှ ပဲငပိနံ့ အနံ့ထွက်တာမို့လို့ မှိုကို မဖယ်ရပါဘူးရှင်။

      Delete