ဒီတစ်ခါတော့ ဗီယက်နမ် ဈေးကနေ ငါးဖယ်ခြစ်လေးတွေ ဝယ်လာပြီး ကြာကြာအထားခံအောင် ငါးဖယ်ငါးဆုတ်လေးတွေ ကြော်ပြီး သိမ်းသင့်တာသိမ်းပြီး ပိုနေတာလေးတွေကို အသုပ်သုပ်စားချင်တဲ့ စိတ်လေး ပေါ်လာခဲ့ပါတယ်။
အဲဒါနဲ့ဘဲ အိမ်မှာရှိတဲ့ အသီးအရွက်လေးတွေကို ဆေးကြောပြီး လှီးပေးကာ ချဉ်ငံစပ်လေး သုပ်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်စားဖြစ်တဲ့ ငါးဖယ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ငါးဖယ်ငါးဆုတ် - ဆယ်ခု
- နံနံပင် - အနည်းငယ်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ဂေါ်ဖီ - တစ်စိတ်
- မုံလာဥနီ - အနေတော် တစ်ဥ
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- သံပုရာသီး - တစ်ခြမ်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီးစိမ်း - ခွန်နှစ်တောင့်ခန့်
- ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
- ကြော်ပြီးသား ငါးဖယ်ကို ကပ်ကျေးနဲ့ ခပ်ပါးပါးလေးတွေ ညှပ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခြစ်နှင့် ခြစ်ထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ပဲမှုန့် ငါးငံပြာရည် ငရုတ်သီးအလှော်မှုန့် ကြက်သွန်နီ ဆီချက်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ ခပ်ပါးပါး ညှပ်ထားသော ငါးဖယ် ကြက်သွန်နီ ငရုတ်သီးစိမ်း မုံလာဥနီနှင့် ဂေါ်ဖီတို့ကိုထည့်ပေးပါ
- ကြက်သွန်နီဆီချက် ငါးငံပြာရည် ပဲအကျက်မှုန့် ငရုတ်သီး အလှော်မှုန့် အရသာမှုန့် သံပုရာရည် တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
- အသုပ်စုံ အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
- ငါးဖယ်သုပ် ချဉ်ငံစပ်ကို ထမင်းပူပူလေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment