Tuesday 31 March 2020

ကြက်သားဟင်း နန်းကြီးသုပ်



ဒီနေ့တော့ ကြက်သားတွေ ဝယ်လာပြီး ချက်တန်တာချက် သိမ်းတန်တာ သိမ်းပြီးသကာလ အရိုးအသား အသည်းအမြစ်လေး နည်းနည်းဆီကို ဆီပြန်မွှေးမွှေးလေး ချက်ဖြစ်ပြန်ပါတယ်။

ကြက်သားနဲ့ထမင်း စားချင်တဲ့သူလဲ စားကြပြီး မာမာကတော့  ကြက်သားဆီပြန် ချက်ပြီးသားလေးနဲ့ နန်းကြီးသုပ်လေး သုပ်စားဖြစ်ခဲ့ပါတယ်။

ဒီတော့လဲ လွယ်ကူမြန်ဆန် ကြက်သားဆီပြန်ဟင်းနဲ့ နန်းကြီးသုပ်လေး သုပ်ရအောင် ပြင်ဖြစ်သွားတာနဲ့ မာမာပြင်ဆင်တဲ့ ကြက်သားဟင်း နန်းကြီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. နန်းကြီး ခေါက်ဆွဲဖတ် - 400 g တစ်ထုတ်
  2. ကြက်သား - 350 g
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
  4. ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
  5. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး (အသုပ်ထဲထည့်သုပ်ရန်)
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (ဟင်းခါးချက်ရန်)
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း (ကြက်သားဆီသတ်ရန်)
  8. နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
  9. ဆား - လိုသလောက် သုံးပေးပါ
  10. ငါးငံပြာရည် - လိုသလောက် ပြင်ပေးပါ
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  12. အရသာမှုန့် - လိုသလောက် သုံပေးးပါ
  13. ပဲအကျက်မှုန့် - လိုသလောက် သုံးပေးပါ
  14. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ရှစ်ဇွန်း
  15. အုန်းနို့ဆီချက် - ထမင်းစားဇွန်း လေးဇွန်း
  16. သံပုရာသီး - လိုသလောက် သုံးပေးပါ
  17. နံနံပင် - လိုသလောက် သုံးပေးပါ
  18. ကြက်သွန်နီ - အနေတော် နှစ်လုံး
  19. မုံလာဥနီ - အနေတော် နှစ်ဥ
  20. ဂေါ်ဖီ - အနေတော် တစ်စိတ် (အသုပ်နှင့်စားရန်)
  21. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဟင်းခါးခပ်ရန်)
  22. ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ
  23. ပုဇွတ်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း (ဟင်းခါးချက်ရန်)
ပြင်ဆင်ပုံ
  1. ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  2. ပြီးတာနဲ့ ဆားထမင်းစားဇွန်း တစ်ဇွန်းနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ ထည့်ပေးကာ ခပ်နာနာ နယ်ပေးပါ
  3. အမြစ်ထဲမှ အရိအရွဲများ ထွက်လာတာနဲ့ အမြစ်ရဲ့  အတွင်းဘက်ကို ဓါးနှင့် လိုက်ခြစ်ပေးပါ
  4. ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
ကြက်သားဆီသတ်ရန်
  1. ကြက်သွန်နီ ငါးလုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  5. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေးပါ
  6. ကြက်သား ထည့်ပြီးတာနဲ့ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်ပြီး မွှေကာ ဆက်ပြီးချက်ပေးပါ
  7. အရသာ သမလောက်တာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  8. ချက်ထားသော ကြက်သားဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ
နန်းကြီးဖတ်ပြုပ်ရန်
  1. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေပွက်ပွက်ဆူလာတာနဲ့ နန်းကြီးဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
  3. ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါက ရေလိုပါက ရေနွေးကို ထပ်ထပ်ထည့်ပေးပါ
  4. မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
  5. မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
  6. ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
ဟင်းခါးချက်ရန်
  1. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေလိုသလောက်ထည့်ပြီး ပုဇွန်ခြောက်မှုန့် ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး မီးဖိုပေါ် တင်ပေးပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ငရုတ်ကောင်းမှုန့်နှင့် ရောပြီး မညက်တညက် ထောင်းထားပါ
  3. ဂေါ်ဖီကို ရေဆေးပြီး မထူမပါး လှီးထားပါ
  4. ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ဂေါ်ဖီထည့်ပြီး တည်ပေးပါ
  5. ဂေါ်ဖီအရမ်း မနူးသေးခင် ကြက်သွန်ဖြူထောင်းကို ထည့်ပေးပြီး အရသာမြည်းပေးပါ
  6. အရသာကို လိုသလို ပြင်ပေးပြီးတာနဲ့ ဟင်းခါးရည် ပူပူလေး ရပါပြီ။
နန်းကြီးသုပ်ပွဲပြင်ရန်
  • နန်းကြီးဖတ်များကို ပြင်ထားပါ
  • ကြက်သားချက်ပြီးသားကို ပြင်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်တွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အမျှင်လေးတွေ လှီးထားပေးပါ
  • အရသာမှုန့် ပဲအကျက်မှုန့်နှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မိမိစားနိုင်သလောက် နန်းကြီးဖတ် အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီး အလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ဟင်းခါးရည်နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment