Tuesday 3 March 2020
Mala Xiang Guo
တစ်နေ့တစ်နေ့ ဘာချက်စားရင် ကောင်းမလဲလို့ တွေးလိုက်မိတိုင်း ကိုယ်စားချင်တာတွေ အိမ်မှာအဆင်သင့် ရှိရဲ့ လား အိမ်မှာ အဆင်သင့် မရှိနေရင်လဲ ကိုယ့်အိမ်က ဈေးနဲ့ အတော်အတန် အလှမ်းဝေးတဲ့ နေရာမှာမို့လို့ အစီအစဉ်လေးတွေ ပျက်ပျက်သွားတာလဲ မကြာခန ဆိုသလိုပါဘဲ။
ဒီနေ့မှာတော့ အနှစ်နဲ့ချက်တဲ့နည်းလေးကို မျှဝေပေးလိုက်ပြီး နောက်နေ့တွေမှာ အနှစ်ချက်နည်းနဲ့ အရည်သောက်ချက်နည်းလေးတွေကို အလျဉ်းသင့်သလို မျှဝေပေးပါ့မယ် ဒီနေ့ပြင်ဆင်ထားတဲ့ အချိုးအစားက နှစ်ပွဲစာ ပြင်ထားတာ ဖြစ်တဲ့အတွက် အရည်သောက်တစ်ခွက်နဲ့ အနှစ်ချက် တစ်မယ်အစာအတွက် ခွဲပြီးသုံးထားပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်သား - 150 g
  2. ပုဇွန်ထုတ် - 100 g
  3. ပုဇွန်အကောင်လတ် - 100 g
  4. ခေါက်ဆွဲခြောက် - 454 g
  5. ပဲငပိ မာလာအနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  6. ဆီတို့ဟူး မာလာအနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  7. ငရုတ်သီးအခြောက်တောင့် - ငါးတောင့်
  8. ကြာစွယ် - လှီးပြီးသား ဆယ်ခုခန့်
  9. မုန့်ညှင်းစိမ်း - နှစ်ပင်
  10. မုံလာဥနီ - အနေတော် တစ်ဥ
  11. ဂေါ်ဖီ -  အနေတော် တစ်စိတ်
  12. ရွှေပဲသီး - ဆယ်တောင့်ခန့်
  13. ဆား - လိုသလောက် သုံးပေးပါ
  14. အရသာမှုန့် - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ အရသာ ဝင်သွားအောင် နယ်ထားပါ
  • ပုဇွန်ထုတ်ကိုလဲ ရေစင်အောင်ဆေးကာ အမြှီးချန်ထားပြီး အခွံခွာ ခေါင်းဖြုတ်ပေးကာ ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့နှင့် နယ်ထားပါ
  • ပုဇွန်အကောင် အလတ်များကို ရေစင်အောင်ဆေးပြီး ခေါင်းဖြုတ်ပေးကာ အခွံများ ချန်ထားပြီး ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့နှင့် နယ်ထားပါ
  • ငရုတ်သီး အခြောက်တောင့်များကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးပေးထားပါ
  • မုန့်ညှင်းစိမ်းကို ရေစင်အောင်ဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ဂေါ်ဖီကို ရေစင်အောင်ဆေးပြီး အနေတော် လှီးပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေစင်အောင် ဆေးပေးကာ မိမိနှစ်သက်သလို လှီးပေးထားပါ
  • ရွှေပဲသီးကို အကြောသင်ပေးပြီး ရေဆေးထားပါ
  • ကြာစွယ်များကို အဆင်သင့် ပြင်ထားပါ
  • ခေါက်ဆွဲခြောက်ကို ရေနွေးဆူဆူထဲမှာ ထည့်ပြီး ပျော့သွားတဲ့အထိ ပြုပ်ပေးကာ ရေနွေးသွန်ပြီး ရေစစ်ထားပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ချက်ဖို့ပြင်ရန်
  1. အိုးတစ်လုံးထဲမှာ ကြက်သားနှင့် ရေမြုပ်အောင်ထည့်ပြီး ကြက်သားကို ကျက်သွားအောင် ပြုပ်ပေးပါ
  2. ကြာစွယ်နှင့် အသီးအရွက်များကိုလဲ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲမှာ သုံးမိနစ်ခန့် ပြုပ်ပေးပြီး ဆယ်ယူကာ ရေစစ်ထားပါ
  3. ဒယ်အိုးတစ်လုံးထဲမှာ အဆင်သင့် ပြင်ထားသော မာလာအနှစ် နှစ်မျိုးကို ထည့်ပေးကာ အပူပေးပါ
  4. ဆီပူလာတာနဲ့ ငရုတ်သီးခြောက်များကို ထည့်မွှေပေးပါ
  5. ငရုတ်သီး အနံ့လေး သင်းလာတာနဲ့ ကြက်သားနှင့် ပုဇွန် ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
  6. သုံးမိနစ်လောက် ရတာနဲ့ ခေါက်ဆွဲဖတ်များနှင့် အသီးအရွက်များကို ထည့်မွှေပေးပါ
  7. အားလုံးသမသွားပြီ ဆိုတာနဲ့ နှစ်မိနစ်လောက် တည်ထားပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  8. မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ ပူပူစပ်စပ် မွှေးမွှေးလေးနဲ့ အရသာ ရှိလွန်းတဲ့ Mala Xiang Guo ကို သုံးဆောင်လို့ ရပါပြီ။
No comments:
Post a Comment