ဒီနေ့တော့ ဗီယက်နမ် ဈေးကအပြန် မုံလာဥတွေ ဝယ်လာပြီး ပုဇွန်ထုတ်လေးတွေနဲ့ ထမင်းမြိန်စေမဲ့ မုံလာဥ ချဉ်ရည်ဟင်းလေး ချက်ပါတယ်။
မာမာ့တို့ ထမင်းဝိုင်းအတွက် ထမင်းမြိန်ဆေး ဟင်းရည်သောက်ဆမ်း တစ်မယ်ဆိုရင်လဲ မမှားပါဘူး ဒါကြောင့်မို့လို့ ထမင်းမြိန်မြိန်လေး စားရလေအောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မုံလာဥဖြူ - အနေတော် ၃လုံး
- မုံညှင်ရွက် - အနေတော် တစ်ပင်
- ခရမ်းချဉ်သီး - အနေတော် လေးလုံး
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - ခပ်ပါးပါး သုံးပြား
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မန်ကျည်းသီးအနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ထုတ် - ဆယ်ကောင်ခန့်
- နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- မုံလာဥဖြူကို အခွံခွာပြီး ရေဆေးကာမိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးထားပါ
- မုံညှင်းပင်ကို သင့်သလိုလှီးပြီး ရေဆေးထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်ပြီး အခွံခွာကာ မလိုတာတွေဖယ်ပြီး သန့်စင်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- မန်ကျည်းသီး အနှစ်ကို ပြင်ထားပါ
- ဇောက်နက်သော အိုးထဲမှာ လှီးထားသော မုံလာဥများ မုန့်ညှင်းရွက်များ ခရမ်းချဉ်သီးများ နနွင်းမှုန့် ပုဇွန်ထုတ် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
- ရေပါက်ပွက် ဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- မုံလာဥနှင့် မုန့်ညှင်းရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူကာ မုံလာဥများ နူးလာပါက မကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် ၄မိနစ်လောက် တည်ပေးပါ
- ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာရအောင် လိုသလို ပြင်ပေး၍ နံနံပင်အုပ်ကာ မီးပိတ်ပေးပါ
- နံနံပင် အနံ့ လေး မွှေးနေတဲ့ မုံလာဥသီးစုံ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးလို့ ရပါပြီ။
No comments:
Post a Comment