Wednesday 25 September 2019

အုန်းနို့ဆီချက် ချက်နည်း


ဒီနေ့တော့ အုန်းဆီချက်လေး ချက်ဖြစ်ပါတယ် မြန်မာမုန့်လေးတွေ စားချင်တဲ့အခါ အဆင်သင့် ရအောင်လို့ ready made အုန်းနို့ cream ဗူးနဲ့ ချက်ထားပါတယ်။

ခင်မင်ရင်းနှီးတဲ့ သမီးလေးတွေက တီမာရေ သမီးတို့ အုန်းဆီချက် ချက်ရတာ တစ်ခါတစ်လေ အဆင်ပြေပြီး တစ်ခါတစ်လေ အဆင်မပြေဘဲ အုန်းဆီချက်က ဥဥလေး မနေဘဲ ပျော့ပျဲပျဲကြီး ဖြစ်နေတတ်တယ်တဲ့။

ဒီတော့ တီမာချက်တဲ့ နည်းလေး မျှဝေပေးပါလို့ ပြောလာကြတဲ့ သမီးလေးတွေအတွက် ချက်နည်းလေးတွေ မျှဝေလိုက်ပါတယ် တီမာကတော့ အုန်းဆီကို ready made cream ဗူးလေးနဲ့ ချက်ထားပါတယ် အုန်းဆီချက်တဲ့အခါ စိတ်ရှည်ဖို့နဲ့ အချိန်ပေးဖို့ဘဲ လိုပါတယ်ဆိုတာလေးလဲ ပြောလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အုန်းနို့ -  400 g (ready made coconut cream)
  2. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • အုန်းနို့ ဆီနှင့် ဆားတို့ကို ပြင်ထားပါ
  • အုန်းဆီချက်ရန် အောက်ခြေမကပ်ဘဲ အိုးအသားထူသော ဒယ်အိုးကို မီးအပူပေးပါ
  • အိုးပူလာတာနဲ့ အုန်းနို့ ဆားနှင့်ဆီတို့ကို ထည့်ပေးပါ
  • မီးကို အနေတော်ထားပြီး တည်ပေးပါ
  • အုန်းနို့အိုး တည်ထားစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  • ချက်နေရင်းက အုန်းနို့များ ဥလာတာနဲ့ မီးပိတ်ပေးပြီး လက်ကျန်အပူရှိန်နှင့် အုန်းဆီ ဆီပျံလာအောင် တည်ပေးပါ
  • အုန်းဆီ ဆီပျံလာပြီး ဆီဥလာတာနဲ့ အအေးခံပြီး ပန်းကန်လုံးထဲ ပြောင်းထည့်ပေးပါ
  • အုန်းဆီချက်ကို တစ်ခါထဲ စားလို့မကုန်ပါက ကော်ဗူးတခုထဲမှာ ထည့်ပေးပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးပြီး သိမ်းထားနိူင်ပါတယ်
  • အုန်းဆီချက်ကို အုန်းထမင်းချက်ခြင်း မြန်မာမုန့်များတွင် တွဲဖက်စားသုံးခြင်း အုန်းနို့ခေါက်ဆွဲချက်ခြင်း ထမင်းပူပူလေးနှင့် နယ်စားခြင်း အစရှိသည်တို့နှင့် မိမိတို့ နှစ်သက်သော တခြားအစာများနှင့်လဲ မိမိနှစ်သက်သလို တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။

No comments:

Post a Comment