Thursday 26 September 2019

ပုဇွန်ဆီချက် ချက်နည်း (တတိယနည်း)



ပုဇွန်ခေါင်းနှင့်အခွံများ

မညက်တစ်ညက် ထောင်းပေးပါ


ရေအနည်းငယ်နှင့်ကျင်ပေးပါ

အဖတ်များမပါအောင် ဇကာနှင့်စစ်ပေးပါ

အဖတ်များကို ထောင်းလိုက် အရည်ငင်လိုက်
လေးခါလောက် လုပ်ပေးပါ
အဖတ်များမပါအောင် ဇကာစိတ်စိတ်လေးနှင့် 
စစ်ပေးပါ

မလ်ုတော့တဲ့ အဖတ်များကို ပြစ်လိုက်ပါ

ကျင်ထားသော အရည်အိုးထဲကို ဆားနှင့်နနွင်း
ထည့်ပေးပါ

မီးအားပြင်းပြင်းနဲ့ ကျိုပေးပါ

အဖတ်လေးများ ရလာပါပြီ

ဆီထည့်ပေးပါ

ပုဇွန်ဆီ ဖြစ်သွားပါက မီးပိတ်ပေးပါ

အခုရက်ထဲ ပုဇွန်တွေ ဝယ်လာတာ များလွန်းတော့ ပုဇွန်ခေါင်းတွေ ပုဇွန်အခွံတွေ အများကြီး ထွက်လာခဲ့တယ် အမှိုက်ပုံးထဲ ထည့်လိုက်ပြန်ရင်လဲ အမှိုက်သိမ်းတဲ့ကားက အင်္ဂါနေ့မှလာမယ် အင်္ဂါနေ့ မရောက်မချင်း အနံ့တွေ တစ်လှိုင်လှိုင်နဲ့ ဖြစ်နေမှာလဲ ဆိုးရသေးတယ် ရေခဲသေတ္တာထဲ ထည့်ထားရင်လဲ အခွံတွေက နေရာယူလို့ ထည့်မထား ချင်ပြန်ဘူး။

အဲဒါနဲ့ဘဲ ဒီနေ့တော့ ပုဇွန်ခေါင်းတွေ ပုဇွန်ခွံတွေကို ဆီချက်လေး ချက်ပလိုက်တော့တယ် ဒီတော့လဲ ထုထောင်းကာ ပြင်ဆင်ဖြစ်ပါတယ် ပုဇွန်ဆီချက်က ချက်နည်းလေးသိရင် အရမ်းလွယ်ပါတယ် ပြင်ရဆင်ရတာလေးဘဲ အချိန်နည်းနည်း ကြာပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပုဇွန်ဆီချက် ပထမ ချက်နည်းလေးကို http://mmlazp.blogspot.com/2012/04/blog-post_7.htmlနေ့က တင်ခဲ့ဖူးပြီး ဒုတိယနည်းကိုတော့ 28/3 1012 နေ့က  http://mmlazp.blogspot.com/2012/04/blog-post_7.html ဒီလင့်မှာ တစ်ခါတင်ဖူးပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံများ - 1500 g
  2. ဆီ - တစ်ဆယ်သား
  3. ဆား - လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ရေ - သုံးလီတာ

ပြင်ဆင်ပုံ
  • ပုဇွန်အသားထွင်ရာမှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံခပ်ကျယ်ကျယ်ထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ
  • ပုဇွန်ခေါင်းများကိုလဲ အခွံခွာကာ အထဲမှ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ကာ ဖယ်ပေးပါ
  • ခေါင်းထဲမှာ ရှိနေတဲ့ သွားများကိုလဲ ဖယ်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး ငရုတ်ဆုံထဲ ထည့်ပေးကာ မညက်တညက် ထောင်းပေးပါ
  • ထောင်းထားသော ပုဇွန်ခေါင်းများကို ရေအနည်းငယ်နှင့် အရည်ဆုံ ကျင်ပေးပါ
  • အရည်ကျင်ထားသော ပုဇွန်ခေါင်းဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  • အရည်ညှစ်ချထားသော ပုဇွန်ခေါင်းဖတ်များကို နောက်တခေါက် ညက်နေအောင် ထပ်ပြီး ထောင်းပါ
  • ထောင်းထားသော ပုဇွန်ခေါင်းကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ပြီး ခေါင်းခွံများကို ထပ်ထောင်းပေးပါ
  • အထက်ပါ နည်းအတိုင်း လေးခါလောက် ထောင်းလိုက် အရည်ကျင်လိုက် လုပ်ပေးပြီးရင် ရပါပြီ
  • ပုဇွန်ခေါင်း ထောင်းပြီးသားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်ပေးပါ
  • ပုဇွန်အခွံများကိုလဲ အထက်ပါ နည်းအတိုင်း လုပ်ပေးပါ
  • ပုဇွန်အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်။
  • ပုဇွန်ခေါင်းသား 500 g လောက်ဆို ရေတလီတာလောက် သုံးပေးရင် ရပါတယ်
  • အခွံတွေပါ ထောင်းရင်တော့ ရေကိုအနည်းငယ် ပိုသုံးပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ပုဇွန်ခေါင်းနှင့်အခွံမှ အသုံးမလိုတော့သော ပုဇွန်အခွံ အဖတ်များကို လွှင့်ပြစ်လိုက်ပါ
  • အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ထောင်းထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
  • ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  • ပုဇွန်ထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
  • ဆီထည့်ပြီးတာနဲ့ ပုဇွန်ဖတ်များ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ထားပေးပါ
  • ပုဇွန်ဆီများ ပြစ်လာပြီး ဆီထဲမွာ ပုဇွန်အနှစ် အဖတ်များ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဆီ မွှေးမွှေးလေး ရပါပြီ
  • ပြီးတာနဲ့ မီးပိတ်ပေးပြီး အေအးခံကာ ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
  • ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment