Tuesday 24 September 2019

ကြက်သွန်ဖြူ ဆီချက်ချက်နည်း


ဒီနေ့တော့ ကြက်သွန်ဖြူ ဆီချက်လေး ချက်ဖြစ်ပါတယ် အိမ်မှာဆီချက် ချက်ပြီးသားလေး အဆင်သင့်ရှိတဲ့အခါ ကိုယ်စားချင်တာလေးကို ချက်ချင်းထပြီး ပြင်ဆင်လို့ရပါတယ်။

ကြက်သွန်ဖြူ ဆီချက်လေး အဆင်သင့်ရှိတော့ အသုပ်စုံ သုပ်စားချင်ရင်ဘဲ ဖြစ်ဖြစ် ထမင်းပူပူလေးနဲ့ နယ်စားရင်ဘဲ ဖြစ်ဖြစ် ဆီချက်ခေါက်ဆွဲ လုပ်စားရန်သော်လည်းကောင်း ဆန်ပြုပ်နဲ့ တွဲပြီးစားရန်သော် လည်းကောင်း လွယ်မယောင်နဲ့ခက်တဲ့ ကြက်သွန်ဖြူဆီချက် ချက်နည်းလေး မေးထားသူတွေအတွက် ဆီချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆီ - လီတာဝက်

ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ပုံပါအတိုင်းရအောင် ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  • အိုးအသားထူသော ဒယ်အိုးကို မီးအပူပေးပါ
  • အိုးပူလာတာနဲ့ ဆီနှင့် နနွင်းမှုန့်ကို ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သွန်ဖြူထောင်းတို့ကို  ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
  • ကြက်သွန်ဖြူထောင်းအနံ့လေး မွှေးလာပြီး အနည်းငယ် ကြွတ်လာပါက မီးပိတ်ပေးပါ
  • မီးဖိုပေါ်မှာ လက်ကျန်မီး  အပူရှိန်နှင့် ကြွတ်နေအောင် ဆက်ကြော်ပေးပါ
  • ဒယ်အိုးအသား ပါးပါက ကြက်သွန်ဖြူများ ခနလေးနှင့် ကျွမ်းသွားတတ်တဲ့အတွက် အိုးအသားထူတာကို  ရွေးသုံးပါ
  • ကြက်သွန်ဖြူ ဆီချက်ဖတ်များ ကျွမ်းသွားတဲ့အခါ ခါးသွားတတ်တဲ့အတွက် သတိထားပြီး မွှေမွှေပေးပါ
  • ကြက်သွန်ဖြူ ဆီချက်လေး မွှေးပြီးကြွတ်လာတာနဲ့ ကြက်သွန်ဖြူ ဆီချက်အဖတ်များကို ဆယ်ပေးပြီး ဇကာထဲထည့်ကာ အေအးခံထားပါ
  • ဆီများကိုလဲ ပန်းကန်လုံး တစ်လုံးထဲ ပြောင်းထည့်ပေးကာ အေအးခံထားပါ
  • နှစ်မျိုးလုံး အေးသွားပါက ပန်းကန်လုံး တခုထဲမှာ ရောပေးပြီးပါက ကြက်သွန်ဖြူဆီချက်ကို ခေါက်ဆွဲသုပ် ထမင်းသုပ် ကြာဇံသုပ် အသုပ်စုံ ဆန်ပြုပ် ခေါက်ဆွဲပြုပ် အစရှိသည်တို့နှင့်အတူ တခြားအစာများနှင့်လဲ မိမိနှစ်သက်သလို တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။

No comments:

Post a Comment