ဒီနေ့တော့ ကန်စွန်းဥလေးတွေ ဝယ်လာပြီး မစားဖြစ်လေတော့ အချိန်လေးလဲ ရနေတာနဲ့ ကန်စွန်းဥ ဆနွင်းမကင်းလေး အချိုတည်းဖို့အတွက် လုပ်ဖြစ်သွားပါတယ်။
ဒါကြောင့်မို့လို့ စားလို့ကောင်းပြီး အရသာ ရှိလွန်းတဲ့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကန်စွန်းဥ - 1 kg
- ဂျုံမှုန့် - 120 g
- ရွှေကြည်မှုန့် - 60 g
- သကြား - 150 g
- ထောပါတ် - 150 g
- အုန်းနို့ - 150 g
- ရေ - 150 g
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံ တစ်ပုံ
- ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
- အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်
- မုန့်ဖုတ်မည့်ဘန်း - တခု
ပြင်ဆင်ပုံ
- ကန်စွန်းဥကို ရေမြုပ်အောင်ထည့်ပြီး နူးနေအောင် ပြုပ်ပေးကာ အခွံခွာပေးပါ
- ပြီးတာနဲ့ ဇလုံထဲမှာထည့်ပြီး ကျေသွားအောင် ချေပေးပါ
- ရွှေကြည်မှုန့်ကို အသားထူသော အိုးထဲမှာထည့်ပြီး ရွှေဝါရောင် ရလာအောင် မီးအေးအေးနှင့် လှော်ပေးကာ အအေးခံထားပါ
- ဂျုံမှုန့်ကို ဇကာစိတ်စိတ်လေးနှင့် အမှုန့်စစ်ထားပါ
- မုန့်ဖုတ်မည့်ဘန်းကို ထောပါတ်ဆီ အနည်းငယ်နှင့် သုတ်ပေးထားပါ
- အုန်းနို့ ထမင်းစားဇွန်း သုံးဇွန်းခန့်နှင့် ထောပါတ် ထမင်းစားဇွန်း နှစ်ဇွန်းကို ချန်ထားပါ
- ကန်စွန်းဥ ချေထားသော ဇလုံထဲမှာ ဂျုံမှုန့် ရွှေကြည်မှုန့် သကြား ဆား ထောပါတ်နှင့် အုန်းနို့တို့ထည့်ကာ အရသာ သမအောင် မွှေပေးပါ
- မုန့်သားမှာ အရသာ သမသွားတာနဲ့ မကပ်သော အိုးထဲထည့်ကာ မီးအနေတော်နှင့် တည်ပေးပါ
- ပြီးတာနဲ့ အရသာ သမအောင် တည်ပေးထားသော မုန့်သားကို ထိုဘန်းထဲသို့ လောင်းထည့်ပေးပါ
- မုန့်သားမျက်နှာပြင် ညီစေရန် ယောင်းမဖြင့် အနည်းငယ် လိုက်ညှိပေးပါ
- ပြီးတာနဲ့ ဘိန်းစေ့များကို လိုက်ဖြူးပေးပြီး ဘိန်းစေ့အပေါ်မှ အုန်းသီးမှုန့် လိုက်ဖြူးပေးပါ
- မုန့်သားအပေါ်မှ အုန်းနို့နှင့် ထောပါတ်ဆီကို အပေါ်မှနေပြီး ဖြန်းပေးပါ
- Ovenကို 200 C မှာထားပြီး ၅မိနစ်လောက် ကြိုဖွင့်ထားပေးပါ
- မီးကြိုဖွင့်ထားသော oven ထဲမှာ မုန့်ဘန်းကို ထည့်ပေးပြီး မိနစ်၂၀ ဖုတ်ပေးပါ
- မုန့်ဖုတ်ချိန် ပြည့်တာနဲ့ မီးပိတ်ပေးပြီး လက်ကျန်မီးအပူရှိန်နှင့် မိနစ်၂၀လောက် oven ထဲမှာထားပေးပါ
- ပြီးတာနဲ့ မီးဖိုထဲမှ ထုတ်ပေးကာ အပြင်ထုတ်ပေးပြီး အအေးခံပေးပါ
- Oven နှင့် မဖုတ်လိုပါက 800 w အားရှိသော မိုက်ခရိုဝေ့ မီးဖိုထဲမှာ တမိနစ်စီ ၇ခါလောက် ဖုတ်ပေးပါ
- ပြီးတာနဲ့ မီးဖိုအပြင်ဖက်ထုတ်ပြီး အအေးခံကာ မုန့်သားအေးလာမှ မိမိနှစ်သက်သလို လှီးပေးပါ
- စိမ့်ပြီးမွှေးနေတဲ့ ကန်စွန်းဥ ဆနွင်းမကင်း စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
- မုန့်သားအေးလာတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးပေးပြီး မုန့်ပွဲကို ပြင်နိူင်ပါပြီ။
No comments:
Post a Comment