Saturday 15 June 2019

ဂဏန်း ကော်ရည်ခေါက်ဆွဲ





ရာသီဥတု အရမ်းအေးနေချိန်မှာ ဘာစားချင်မှန်း မသိဖြစ်နေပြီး ဂဏန်းသားလေးတွေ ရှိနေတာနဲ့ ဂဏန်းသားကော်ရည် လုပ်စားဖြစ်ပါတယ်။

တယောက်နဲ့တယောက် အကြိုက်ချင်း မတူနိူင်ကြတဲ့အတွက် အပေါ့အငံ အရသာကိုတော့ မိမိစိတ်ကြိုက် ပြင်ဆင်ပြီး ချက်ပေးနိူင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ ကော်ရည်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ (ပွဲကြီးနှစ်ပွဲစာ)
  1. ဂဏန်းအသား - မိမိနှစ်သက်သလောက် 
  2. ကြက်ရင်ပုံ - 150 g
  3. ခေါက်ဆွဲဖတ် အစို - တရုတ်ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  4. မှိုမဲ - ၁၀ပွင့်
  5. မုန်လာဥနီ - အနေတော် တစ်ဥ
  6. ကြက်ဥ - တစ်လုံး
  7. ကော်မှုန့် ( corn flour ) - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  8. ရေ - 1 cup (ကော်မှုန့်ဖျော်ရန်)
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  12. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  15. ရေ - 6 cups (ကြက်သားပြုပ်ရန်)

ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေ 6 cups ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပွက်ပွက်ဆူနေသော ရေနွေးထဲမှာ ကြက်သားကို ထည့်ပေးပြီး မီးအားပြင်းပြင်းနှင့် ၈ မိနစ်ခန့် ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့ ဆယ်ပြီးအအေးခံကာ အသားများကို အမျှင်လေးများဖြစ်အောင် ထွင်ထားပေးပါ
  • ဂဏန်းအသားကို ပြင်ထားပါ
  • ကြက်သွန်ဖြူ ဆီချက်ဖတ်ကို ပြင်ထားပါ
  • မှိုမည်းကို  ရေ၃နာရီလောက် စိမ်ထားပြီး ပါးပါးလှီးထားပါ
  • မုံလာဥနီကို မိမိနှစ်သက်သည့်ပုံစံ လှီးပေးထားပါ
  • ကြက်ဥကို ခလောက်ထားပါ
  • ခေါက်ဆွဲဖတ်ကို ပြင်ထားပါ
  • ကော်ရည်အိုးတည်ရန်
  • ကြက်ပြုပ်ရည်အိုးကို ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အသားထွင်ထားသော ကြက်သားနှင့် ဂဏန်းအသားများကို ထည့်ပေးပါ
  • လှီးထားသော မှို မုန်လာဥနီနှင့် ပဲပြားတို့ကို ဟင်းရည်အိုး ဆူဆူထဲ ထည့်ပေးပါ
  • တရုတ်မဆလာ ကြက်သားမှုန့်နှင့် ဆားတို့ကို ထည့်ပေးပါ
  • ဟင်းရည်အိုး ပြန်ဆူလာတာနဲ့ ခလောက်ထားသော ကြက်ဥကို ဇကာခံပြီး ထည့်ပေးပါ 
  • ကြက်ဥအမျှင်လေးများ ရလာအောင် ဇကာထဲသို့ လောင်းထည့်နေသည့် အချိန်မှာ ဇကာကို ဝေ့ဝှိုက်ပေးပါ
  • ကြက်ဥထည့်ပြီး ဟင်းရည်အိုး ပြန်ဆူလာပါက မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ ဖျော်ထားသော ကော်မှုန့်အရည် အနည်ထိုင်နေတာတွေကို ပြန်မွှေပေးပြီးမှ လောင်းထည့်ပေးပါ
  • ကော်မှုန့်များ ခဲမသွားစေရန် နှစ်မိနစ်ခန့် အဆက်မပြတ် မွှေပေးပါ 
  • ပြီးတာနဲ့ ပဲငံပြာရည်အပျစ်  ငရုတ်ကောင်းမှုန့် နှင့် ကြက်သွန်ဖြူဆီချက်တို့ကို ထည့်ပြီး ဟင်းရည်အိုးကို အဖုံးဖုံးကာ မီးကိုပိတ်ပေးပါ
  • မီးပိတ်ပြီးတာနဲ့ မိမိစားနိူင်သလောက် ခေါက်ဆွဲဖတ်ကို ပန်းကန်လုံးထဲမှာ ထည့်ပေးပြီး ဟင်းရည်ကိုထည့့်ပေးကာ ကော်ရည်ခေါက်ဆွဲ ပူပူလေးကို ပုဇွန်ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment