ဒီနေ့တော့ ဆန်ကြာဇံကြော်လေး စားချင်တာနဲ့ အသီးအရွက်လေးတွေလှီးပြီး အသားမပါဘဲ ကြော်ဖြစ်ပါတယ် မာမာက အခုနောက်ပိုင်း အသားသိပ်မစားတော့ အသားမထည့်ဘဲ ကြော်ဖြစ်တာက များပါတယ်။
အသားမပါပေမဲ့ မာမာအခုပြထားတဲ့ အရသာလေးတွေကို ထည့်ကြော်မယ်ဆိုရင်တော့ တရုတ်ဆိုင်တွေက အရသာအတိုင်းထွက်တဲ့ ခေါက်ဆွဲကြော် ကြာဇံကြော် အရသာတွေအတိုင်း ထွက်မှာဖြစ်လို့ မာမာကြော်တဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန်ကြာဇံ - 150 g
- ပဲတောင့်ရှည် - ငါးတောင့်
- ပန်းဂေါ်ဖီ - အခက်ကြီးကြီး နှစ်ခက်
- ဂေါ်ဖီ - တစ်စိတ်ခန့်
- မုံလာဥနီ - အနေတော် တစ်ဥ
- ဘရော့ကိုလီ - အခက်ကြီးကြီး နှစ်ခက်
- တရုတ်နံနံ - အနည်းငယ်
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း - နှစ်ဇွန်း
- ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ငံပြာရည်မွှေး - ထမင်းစားဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်ဥ - တစ်လုံး
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး ငါးနာရီလောက် စိမ်ထားပါ
- ကြာဇံကြော်ကာနီးပါက ရေစိမ်ထားသော ကြာဇံကို ရေစစ်ထားပါ
- ပါဝင်သော အသီးအရွက်များ အားလုံးကို မလှီးခင် ရေဆေးပြီး ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ မိမိနှစ်သက်သလို ခပ်ထူထူလေးတွေ လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွန်ဖြူနံ့ မွှေးလာပါက ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- ကြက်ဥကျက်တာနဲ့ ပဲသီး မုံလာဥနီ ဘရော့ကိုလီ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီတို့ကို ထည့်ကြော်ပါ
- အသီးအရွက်များ ထည့်ပြီးတာနဲ့ ဆား ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် နှမ်းဆီမွှေး ခရုဆီ ငံပြာရည်မွှေးနှင့် အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ အနည်းငယ် နွမ်းအောင်ကြော်ပေးပါ
- ပြီးတာနဲ့ ကြာဇံထည့်ပြီး ရောကြော်၍ ကြာဇံပျော့လာပြီ ဆိုတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပါ
- အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ တရုတ်နံနံထည့်ပြီး အားလုံးကို ရောမွှေကာ မီးပိတ်ပေးပါ။
- အသားမပါပေမဲ့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့ ဆန်ကြာဇံကြော် မွှေးမွှေးလေးကို ရပါပြီ။
No comments:
Post a Comment