Monday 10 June 2019

ငါးလေးဟင်း ဆီပြန်









ဒီနေ့တော့ ဗီယက်နမ်ဈေးကနေ white bait ငါးလေးတွေ ဝယ်လာလို့ အချဉ်ဆီပြန် ဟင်းလေးကို အရိုးနူးပြီး စားလို့ကောင်းအောင် လွယ်ကူမြန်ဆန်စွာ ချက်နိုင်မဲ့ ရိုးရိုးအိုးရယ် pressure cooker ရယ်နဲ့ ချက်တဲ့နည်းလေးကို မျှဝေပေးလိုက်တယ်။

ပါဝင်ပစ္စည်းများ

  1. ငါးသားလေး - 500 g
  2. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. သံပုရာသီး - တစ်လုံး
  7. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  1. ငါးကို ရေစင်အောင်ဆေးပြီး ဆား ငါးငံပြာရည် သံပုရာရည် အရသာမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် ခပ်ဖွဖွ နယ်ထားပါ
  2. ချင်း ကြက်သွန်ဖြူ  ကြက်သွန်နီ တို့ကို အခွံခွာပြီး ရေစင်အောင်ဆေးထာပါ
  3. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းထားပါ
ရိုးရိုးအိုးနှင့် ချက်ရန်
  1. အောက်ခြေမကပ်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို မွှေးလာတဲ့ထိ ထည့်မွှေပါ
  3. ငရုတ်သီး ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ဆီသတ်ပါ
  4. ဆီသတ်နေစဉ် ငါးထဲမှ ထွက်လာသော အရည်များ ခမ်းတဲ့ထိ အိုးကို မကြာမကြာ လှုပ်လှုပ်ပေးပါ
  5. ရေခမ်းပြီ ဆိုတာနဲ့ ငါးများရေမြုပ်အောင် ရေထပ်ထည့်ပေးပြီး ဆက်တည်ပေးပါ
  6. ငါးအသားများ မကျေစေရန် အရမ်းမွှေမပေးဘဲ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  7. ဆီပြန်ပြီး အိုးကပ်ပြီဆိုတာနဲ့ ငါးလေးအိုကပ် ဆီပြန်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးနိုင်ပါပြီ။
Pressure Cooker နှင့် ချက်ရန်
  1. Pressure Cooker ကို brown ခလုတ်ကို နှိပ်ပြီး ၁၀မိနစ် နာရီချိန်ပေးပါ
  2. ပြီးတာနဲ့ ဆီထည့်ပေးပါ 
  3. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  4. ဆီသတ်နေစဉ် အကျက်ညီစေရန် သစ်သားယောင်းမနှင့် မွှေပေးပါ
  5. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်မွှေပေးပါ
  6. ပြီးတာနဲ့ ငါးအသား မာလာတဲ့အထိ ချက်ပေးပါ
  7. ငါးအသား မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံး မအုပ်ဘဲ တည်ပေးပါ
  8. ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  9. ရေခမ်းပြီး ဆီပြန်လာတာနဲ့ငါးသားလေး ဆီပြန်ဟင်း မွှေးမွှေးလေးကို ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment