ဒီနေ့တော့ ရာသီဥတုကလဲ အရမ်းအေးတယ် ဘာလုပ်စားကြရင် ကောင်းမလဲလို့ စဉ်းစားမိရင်းက ဂဏန်းကော်ကြော်လေး စားချင်စိတ် ပေါက်သွားပါတယ်။
ဒါနဲ့ဘဲ ဂဏန်းသားလေးတွေနဲ့ ကော်ကြော်လေး ကြော်ဖြစ်သွားလို့ မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကော်မှုန့် (Tapioca Starch / Corn Starch ) - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
- အာလူးမှုန့် ( Potato Starch ) - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ဂဏန်းသား - တစ်ဆယ်သား
- ကြက်ဥ - တစ်လုံး
- တရုတ်မဆလာ - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်းနှစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- ကြက်သွန်မိတ် - သုံးပင်
- မုန်လာဥနီ - တစ်ဥ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်ဆား
- - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
ပြင်ဆင်ပုံ
- ဂဏန်းကို ရေဆေးပြီး အခွံခွာကာ အသားများယူပြီးး နုတ်နုတ်စင်းပေးပါ
- ဇလုံတလုံးထဲမှာ စင်းထားသော ဂဏန်းသား တရုတ်မဆလာ ပဲငံပြာရည်အကျဲနှင့်ဆား တို့ကိုထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
- မုန်လာဥနီကို အခွံခွာပြီး ခပ်သေးသေးလေးတွေ တုံးထားပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပေးပါ
- ကော်မှုန့်ကို ရေနှင့်ဖျော်ထားပေးပါ
- ကြက်ဥကို ခလောက်ထားပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ချင်းတို့ကိုထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဂဏန်းအသားများကို ထည့်ပြီးမွှေပေးပါ
- ဂဏန်းအသားများ လုံးခဲမသွားရအောင် သစ်သားယောင်းမနှင့် ဖိဖိပြီး ချေချပေးပါ
- ဂဏန်းအသားများ ကျက်လောက်တာနဲ့ မုန်လာဥနီနှင့် ကြက်သွန်မိတ်ကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး သမအောင် မွှေပေးပါ
- ဖျော်ထားတဲ့ ကော်ရည်ကို သမအောင်ပြန်မွှေပြီး အိုးထဲကို လောင်းထည့်ပေးပါ
- ကော်ရည်ထည့်ပြီးတာနဲ့ အိုးမကပ်စေရန် မွှေမွှေပေးပါ
- မွှေနေရင်းကနေ ကော်ရည်များ အရောင်ကြည်ကြည်လေး ဖြစ်လာတာနဲ့ ခလောက်ထားတဲ့ ကြက်ဥကို ထည့်မွှေပြီး သမအောင် မွှေပေးပါ
- ကြက်ဥများ အဖတ်လေးတွေ ဖြစ်လာပြီး ကျက်လာပြီဆိုတာနဲ့ အရသာ အရမ်းရှိတဲ့ ကော်အပျော့ကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ပေးကာ စားပွဲပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment