ဒီတစ်ခါတော့ ရာသီဥတု အေးစိမ့်စိမ့်လေးမှာ ထိုင်းကြက်တောင်ပံကြော် စပါးလင်နံ့ ငရုတ်သီးနံ့ စပ်စပ်မွှေးမွှေးလေး ကြော်စားဖြစ်လို့ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်တောင်ပံ အရင်းပိုင်း - 500 g
- ငရုတ်သီးစိမ်း အစပ်တောင့် အနီရောင် - နှစ်တောင့်
- စပါးလင်အရင်းပိုင်း - နှစ်လက်မခန့် သုံးချောင်း
- ခရုဆီ - ထမင်းစားဇွန်း သုံးဇွန်း
- သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - လိုသလောက်
အချဉ်အတွက် ပြင်ဆင်ရန်
- Rice vinegar - ထမင်းစားဇွန်း ခြောက်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
- ငရုတ်သီးစိမ်း အစိမ်းရောင် - သုံးတောင့် (ပါးပါးလှီးထားပါ)
- နံနံပင် - အနည်းငယ် ( အနေတော် လှီးထားပါ)
- ပန်းကန်တစ်လုံးထဲမှာ အားလုံထည့်ပြီး ရောမွှေပေးပါ
ကြက်သားပြင်ဆင်ပုံ
- ကြက်တောင်ပံ အရင်းပိုင်းကို ရေဆေးပေးပါ
- ရေခြောက်အောင် ရေခနစစ်ထားပါ
- ပြီးတာနဲ့ ပုံပါအတိုင်း အဆစ်နေရာ အောက်ဖက်မှ ပါတ်ပါတ်လည်ကို လှီးပေးပါ
- လှီးထားသော နေရာမှ အောင်ဖက်သို့ တွန်းချလို့ရသလောက် တွန်းချပေးပါ
- စပါးလင်ကို ခပ်ရိတ်ရိတ်လှီးပြီး ညက်နေအောင် ထောင်းပေးပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ညက်အောင် ထောင်းပေးပါ
- ခရုဆီ ဆား သကြားတို့ကို ပြင်ထားပါ
- အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံထဲမှာ ကြက်သား စပါးလင် ငရုတ်သီးစိမ်း ခရုဆီ ဆား သကြားတို့ကိုထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
- အရသာနယ်ပြီးတာနဲ့ cling wrap အုပ်ပေးကာ ရေခဲသေတာထဲမှာ ၁၅မိနစ်လောက် နှပ်ထားပေးပါ
- အရသာ နှပ်ပြီးတာနဲ့ ဆီကိုအိုးထဲထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော်သို့ လျှေ့ပေးပြီးမှ အရသာနယ်ထားသော ကြက်သားကို ထည့်ကြော်ပေးပါ
- သကြားနှင့် ခရုဆီပါတဲ့အတွက် အပြင်ဖက်မှာ အရောင်ပြောင်းလွယ်ပြီး အထဲမှာ မကျက်ဘဲ နေတတ်တဲ့အတွက် မီးကိုသတိထားပြီး လျှော့ပေးပါ
- ကြက်သားတစ်တုံးလုံး အညိုရောင် သန်းလာပြီဆိုရင် ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပြီ ဆိုရင်တော့ အရသာ စပ်ထားသော အချဉ်နှင့် တို့စားလို့ ရပြီဖြစ်တဲ့ ထိုင်းကြက်တောင်ပံကြော် စပ်စပ် မွှေးမွှေးလေး ရပါပြီ။
No comments:
Post a Comment