ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပြီး စားလို့မြိန်စေမဲ့ တရုတ်စတိုင် ကြက်သားဟင်းလေး ချက်ဖြစ်တာနဲ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်သား - အတုံးကြီးကြီး လေးခု
- တရုတ်ဆန်ဝိုင် - ထမင်းစားဇွန်း သုံးဇွန်း
- ချင်း - ခပ်ပါးပါး ၂နှစ်ပြား
- နာနတ်ပွင့် -နှစ်ပွင့်
- လေးညှင်း -နှစ်ပွင့်
- ကရဝေးရွက် - သုံးရွက်
- လတ်ဆတ်သော သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- လတ်ဆတ်သော လိမ္မော်ရည် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သစ်ဂျပိုးခေါက် - တစ်လက်မခွဲ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးကာ ရေစစ်ထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ပါးပါးမျှင်မျှင်လေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပါ
- အိုးပူလာတာနဲ့ ဆီထည့်ပေးပါ
- ဆီပူလာတာနဲ့ သကြားကို အရင်ဆုံးထည့်ပြီး ကြော်ပေးပါ
- သကြားများ အရည်ပျော်လာပြီး ညိုရောင်သန်းလာတာနဲ့ ကြက်သွန်ဖြူ သစ်ဂျပိုးခေါက် လေးညှင်း နာနတ်ပွင့်နှင့် ကရဝေးရွက်တို့ကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ကြက်သားနှင့်ဆားကို ထည့်မွှေပေးပါ
- ကြက်သား အသားမာလာပြီး အရောင်ပြောင်းလာအောင် တည်ပေးပါ
- ဟင်းအိုးတည်ထားစဉ် အိုးမကပ်အောင် အိုးကိုမကြာ မကြာလှုပ်ပေးပါ
- ကြက်သားအသား မာတင်းလာတာနဲ့ လှီးထားသောချင်း လှီးထားသော ကြက်သွန်နီ လိမ္မော်ရည် သံပုရာရည်နှင့် ဆန်ဝိုင်တို့ကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ပြီး တည်ပေးပါ
- ရေမခမ်းခင် ကြက်သားနူးမနူးကို ဇွန်းနှင့်ထိုးကြည့်ပါ
- ကြက်သား မနူးသေးပါက ရေအနည်းငယ်နှင့် ရေဆူအောင် ဆက်တည်ပေးပါ
- ရေမခမ်းခင် အရသာ မြည်းပေးကာ လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ မီးပိတ်ပေးပြီးပါက အနံ့ အရသာနှင့် ပြည့်စုံလှသော တရုတ်စတိုင်လ် ကြက်သားဟင်းကို ဟင်းပွဲပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment