Wednesday 18 July 2018

ထိုင်းစတိုင်လ် ခရမ်းသီး ကြက်သားဟင်း


ခရမ်းကြွတ်သီးလေးတွေ ရလာတော့ ဘယ်လိုချက်စားရင် ကောင်းမလဲ စဉ်းစားနေရင်းက ထိုင်းဆိုင်မှာ စားဖူးခဲ့တဲ့ ခရမ်းကြွတ်သီး ကြက်သားဟင်း စပ်စပ်မွှေးမွှေးလေးကို သတိရမိတာနဲ့ ထိုင်းစတိုင်လ်လေးဘဲ ချက်လိုက်ပါတယ်။

မာမာက အစပ်စားတဲ့အတွက် ငရုပ်သီးအစပ်ကို ပိုထည့်ထားပါတယ် အစပ်မစားနိုင်ရင်တာ့ ငရုတ်သီးစိမ်းကို လျှော့ထည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းကြွတ်သီး - 250 g
  2. ကြက်ရင်ပုံသား - 500 g
  3. မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ညက်နေအောင် ထောင်းထားသော ငရုတ်သီးစိမ်း - ဆယ်တောင့်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. brown sugar - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  8. lime leaves - နှစ်ရွက်
  9. ပင်စိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  12. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  13. အုန်းနို့ - 1 1/2 cups

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သားကို အတုံးလိုက် ရေဆေးကာ ခပ်ပါးလေးတွေ လှီးထားပေးပါ
  • ပါဝင်ပစ္စည်းများ ပြင်ထားပါ
  • ဇောက်နက်သောအိုးကို အပူပေးပြီး ဆီထည့်ကာ brown sugarကို အရင်ဆုံး ပျော်သွားအောင် ထည့်ကြော်ပေးပါ
  • သကြားများ အရည်ပျော်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ lime leave ပင်စိမ်းရွက်  ငရုတ်သီးစိမ်းထောင်း ဆား  ငရုတ်သီး အရောင်တင်မှုန့်နှင့် နနွင်းမှုန့်များကိုထည့်ပြီး ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ သင်းလာတာနဲ့ ကြက်သားထည့်ပြီး မွှေပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားကျက်အောင် တည်ပေးပါ
  • ရေမခမ်းခင် လှီးထားသော ခရမ်းကြွတ်သီးများနှင့် အုန်းနို့တို့ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး ခရမ်းသီး မနူးသေးပါက ရေနွေးပူပူ အနည်းငယ် ထည့်ပေးပြီး အထက်အောက် သမသွားအောင် အိုးကိုလှုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ဖြစ်ပါက အရည်အနည်းငယ်ချန်ကာ ပင်စိမ်းရွက်အုပ်ပေးပြီး မီးပိတ်ပေးပါ 
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေး ရအောင်တည်ပေးပြီးတာနဲ့ စပ်ပြီးမွှေးနေသော ခရမ်းသီးနှပ် စပ်စပ်မွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment