ဒီတခါတော့ သံပုယိုသီးလေးတွေ ဝယ်ထားတာ ကြာနေပြီ ဖြစ်တဲ့အတွက် သုပ်စားရင် ကောင်းမလား ဆားရည်စိမ်ရင် ကောင်းမလား စဉ်းစားနေရင်းက အမွှာလေးတွေနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ချဉ်ငံစပ် ငပိထောင်းလေး ထောင်းဖြစ်သွားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းလေးကိုမျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- သံပုယိုသီး - အလုံးကြီးကြီး နှစ်လုံး
- ပုဇွန်ငပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
- ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၂၀ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ငရုတ်သီးစိမ်း - စားနိူင်သလောက်
- ငရုတ်သီးအလှော်မှုန့် - စားနိူင်သလောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ဆားကို ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပေးပြီး ရေလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာနှင့် ဖျော်ထားပါ
- သံပုယိုသီးကို အခွံခွာပြီး အဖြူရောင်အကာများ မပါအောင်ဖယ်ပေးပြီး အသားမွှာလေးတွေ ထွင်ပေးပါ
- ထို ထွင်ထားသော သံပုယိုသီး အဖတ်လေးများကို ဆားရည်ဖျော်ထားသော ရည်ထဲမှာ စိမ်ထားပါ
- ပုဇွန်ငပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
- မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တလုံးထဲ ပုဇွန်ငပိကိုကပ်ကာ ကင်ပေးပါ
- အပေါ်ယံ တင်းလာပါက နောက်တဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
- ငရုတ်သီးစိမ်းကို လှော်ထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ အရင်ဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို ညက်အောင်ထောင်းပေးပါ
- ပုဇွန်ခြောက် ညက်တာနဲ့ လှော်ထားသော ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ထည့်ထောင်းပါ
- အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငပိကင်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ထည့်ထောင်းပါ
- ပြီးတာနဲ့ ပုဇွန်ငပိထောင်းကို သံပုယိုသီးအမွှာ အဖတ်နှင့် ရောမွှေပေးကာ ချဉ်ငံစပ်ပြီး မွှေးနေသော ငပိထောင်းကို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment