Monday 30 March 2020

စပါးလင် ပဲခြမ်းသုပ်



ဒီရက်ပိုင်း အတွင်းမှာ COVID19 ကြောင့် မိမိကျန်းမာရေး မိမိတို့ရဲ့  မိသားစု ကျန်းမာရေး ပြည်သူလူထု ကျန်းမာရေးတို့ကို ငဲ့ကွက်အလေးထားကာ အိမ်ထဲမှာ နေနေကြရတာဟာ လူသားအားလုံးရဲ့  ကျန်းမာရေးကို စောင့်ရှောက်ရာ ကျပါတယ်။

ဒါကြောင့်မို့လို့ မိသားစု စုံစုံလင်လင် အိမ်မှာရှိနေတုန်း နေ့လည်နေ့ခင်းမှာ စကားလက်ဆုံ ပြောကြရင်း အခုလို ပဲခြမ်းအစုံကြော် အသုပ်လေး သုပ်စားကြရင်း ဗဟုသုတ ရစေမဲ့ စကားလေးတွေ ပြောကြရင်း မိသားစုတွေ နွေးနွေးထွေးထွေး နေကြစေချင်ပါတယ်။

ဒီအသုပ်ထဲမှာ စပါးလင်လေးတွေ လှီးထည့်ထားတဲ့အတွက် အစာလဲဆေး ဆေးလဲအစာ ဆိုသလိုပါဘဲ ကျန်းမာရေးနဲ့ ကိုက်ညီအောင် သုပ်စားစေချင်ပါသေးတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲအစုံကြော် - ထမင်းစားဇွန်း ဆယ့်ငါးဇွန်းခန့်
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. စပါးလင် - အရင်းပိုင်း တစ်ပင်
  4. ငရုတ်သီးစိမ်း - လေးတောင့်ခန့်
  5. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ (အသုပ်ထဲ ထည့်ရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် ( ကြက်သွန်နီ နယ်ပြီးဆေးရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပဲအစုံကြော်ကို ထည့်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးပြီး ဆားထည့်ကာ ခပ်ဖွဖွ နယ်ပေးပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ဓါးပြတ်ပြတ်နဲ့ ခပ်ပါးပါး ရိတ်ရိတ်လေးတွေ လှီးပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပဲကြော်ပန်းကန်ထဲကို ဆီ ဆား အရသာမှုန့်တို့နဲ့အတူ ထည့်ပေးပါ
  • ပြီးတာနဲ့ ခပ်ဖွဖွလေး နယ်ပေးပြီး အရသာ မြည်းပေးကာ လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့ ရေနွေးကြမ်ျးနှင့် ပြင်ပေးကာ မိသားစု စုံစုံလင်လင် စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment