Friday 8 November 2019

ပုဇွန်ဦးနှောက် ဆီမွှေးသတ်နည်း






ဒီနေ့တော့ ပုဇွန်ဦးနှောက်ဟင်း ချက်နည်းလေး အတွက် မျှဝေပေးချင်ပါတယ် ဒီဟင်းလေး ချက်တိုင်း အရင်ဆုံး သတိရမိတာက ကြီးကြီးနဲ့ အမေ့ကိုပါဘဲ မာမာတို့ ငယ်ငယ်က အိမ်မှာ မကြာမကြာ ချက်ဖြစ်တာမို့လို့ ငယ်ငယ်ထဲက အရမ်းကြိုက်ခဲ့တဲ့ ဟင်းတစ်မယ်ဆိုရင်လဲ မမှားပါဘူး။

ပုဇွန်ဦးနှောက်ဟင်းလို့ နံမည်တပ်ထားတာကို တစ်ခါတစ်လေ အညင်းပွားတတ်ကြပါတယ် ပုဇွန်မှာ ဦးနှောက်မရှိဘူးတို့ ပုဇွန်ဦးနှောက်ဟင်းဆိုတာ ပုဇွန်ချီးတွေကို ချက်ထားတာလားတို့ မဟုတ်မဟတ်တွေ ပြောတတ်ကြပါတယ်။

တစ်ကယ်တမ်းကျတော့ ပုဇွန်မှာ အရမ်းသေးငယ်တဲ့ ဦးနှောက်ရှိပါတယ် အစာအိတ်ထက် ဦးနှောက်က သေးနေတဲ့အတွက် နင့်ခေါင်းက ပုဇွန်ခေါင်းလိုဘဲဆိုတဲ့ ဆိုရိုးစကားက ရာဇဝင် တွင်လာခဲ့ခြင်းမျှသာပါ။

ဒါဆိုရင် ပုဇွန်ခေါင်းနဲ့ ပုဇွန်အခွံတွေထဲက ရလာတဲ့ အနှစ်တွေကို ဟင်းဖြစ်အောင်ချက်ပြီး ဘာဖြစ်လို့ ပုဇွန်ဦးနှောက်ဟင်းလို့ နံမည်ပေးသလဲဆိုတာက ဖြစ်လာနိူင်ပါသေးတယ်။

အဲဒါကတော့ ဦးနှောက်တို့ သဘာဝ အလွန်နူးညံ့ပြီး အိအိလေး နေတဲ့အတွက် အခုချက်တဲ့ ပုဇွန်ခေါင်း ပုဇွန်အခွံတွေက ထွက်လာတဲ့ အနှစ်တွေကလဲ နူးညံ့လွန်းတဲ့အတွက် ဒီနံမည်လေး ပေးထားတာ ဖြစ်ပါတယ်ရှင်။

ပုဇွန်ဦးနှောက် ချက်နည်းလေးကို ဒီ blog လေးထဲမှာဘဲ ရေးထားပါသေးတယ်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်အခွံ ပုဇွန်ခေါင်းတို့မှ ရသောအနှစ် - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. ကြက်သွန်ဖြူ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ငရုတ်သီး အစပ်တောင့် - ငါးတောင့် (မိမိစားနိူင်သလောက် ထည့်ပေးပါ)
  5. ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
  6. ငံပြာရည် - အနည်းငယ်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ပုဇွန်အခွံ ပုဇွန်ခေါင်းတို့မှ ရလာသောအနှစ်ကို ပြင်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ပြီးတာနဲ့ ငရုတ်သီးတောင့် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ ပုဇွန်အနှစ် ချက်ထားတာကို ထဲ့မွှေပေးပါ
  • ပုဇွန်အနှစ်ချက်ထဲမှာ အငံအရသာက ပါပြီးသား ဖြစ်တဲ့အတွက် အငံအတွက် ငံပြာရည်ကို အနည်းငယ်လေးဘဲ ထပ်ထဲ့ပေးပါ
  • အရမ်းငံတာကို မကြိုက်ပါက ထပ်ထည့်စရာ မလိုပါ
  • ငရုတ်သီးဆီသတ်နှင့် ပုဇွန်အနှစ် သမသွားပြီး အရသာ မြည်းပေးပြီးတာနဲ့ ဆီပြန်လာပါက မီးပိတ်ပေးပါ
  • ပုဇွန်ဆီနံ့ မွှေးပြီး သင်းပျံ့နေတဲ့ ပုဇွန်ဦးနှောက်ဟင်း စိမ့်စိမ့်မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ နယ်ဖတ်ပြီးတော့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment