Sunday 3 November 2019

ငှက်ပျောဖက်ထုတ် ပုဇွန်ချဉ်တည်နည်း











ဒီနေ့တော့ အရင်တစ်ခါက ဖန်ပုလင်းလေးနဲ့ ထည့်ထားတဲ့ ပုဇွန်ချဉ် လုပ်နည်းရယ် ကော်ဗူးနဲ့ ထည့်ထားတဲ့ ပုဇွန်ချဉ် လုပ်နည်းရယ်ကို တင်ပေးဖူးပါတယ်။

အခုတစ်ခါကတော့ ငှက်ပျောရွက်နဲ့ထုတ်ပြီး အချဉ်တည်ထားတဲ့  ပုဇွန်ချဉ် လုပ်နည်းလေး မေးထားတဲ့ သူတွေအတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်တယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွတ်အကောင်သေး - 600 g ခေါင်းဖြုတ်ပြီးသား
  2. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  3. ဆား - လက်ဖက်ရည်ဇွန်း ၄ဇွန်းခန့်
  4. ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ
  5. ကြိုး - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  1. ပုဇွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းပိုင်းအကုန်ဖယ်ပြီး ကျောဘက်မှ အမည်းကြောင်းကို ထုတ်ပေးပါ
  2. ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ရေခြောက်ပြီး စစ်သွားအောင် ပုဇွန်အပေါ်မှ အလေးတစ်ခုခုနှင့် ဖိပေးကာ ရေစစ်ထားပါ
  3. ဆန်ကို ရေဆေးပြီး ခပ်မာမာလေး ရအောင်ချက်ကာ အအေးခံထားပါ
  4. ဆားကြမ်းကို ပြင်ထားပါ
  5. ပုဇွန်များ ရေစစ်သွားပြီ ဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ဆားနှင့် ထမင်းကို နယ်ပေးပါ
  6. ပြီးတာနဲ့ ပုဇွန်များကို ဆားအရသာ ဝင်စေရန် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  7. အနည်းဆုံး ငါးမိနစ်ခန့်ကြာအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  8. ပြီးတာနဲ့ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  9. ငှက်ပျောရွက် ရေစစ်သွားတာနဲ့ အဝတ်စ သန့်သန့်နှင့် ရေခြောက်အောင် သုတ်ပေးပါ
  10. အဆင်သင့် ဖြစ်တာနဲ့ ငှက်ပျောရွက်ကို အနေတော် ပိုင်းဖြတ်ပေးပါ
  11. ငှက်ပျောရွက်များ ကွဲမထွက်စေရန် အနည်းဆုံး လေးထပ်လောက် ထပ်ပေးပါ
  12. ထပ်ပြီးစီထားသော ငှက်ပျောရွက်ပေါ်မှာ အရသာ နယ်ထားသော ပုဇွန်များကို ဇွန်းနှင့်ခပ်ပြီး ပုံပေးပါ
  13. ပြီးတာနဲ့ ငှက်ပျောဖက်ကို လုံနေအောင် ထုတ်ပေးပါ
  14. အထုတ်လေးတွေ ထုတ်ပေးပြီးတာနဲ့ ကြိုးနှင့် ခပ်တင်းတင်း ချည်ပေးပါ
  15. ပုဇွန်ကုန်တဲ့အထိ အထက်ပါနည်းအတိုင်း ထုတ်ပေးပါ
  16. အားလုံးထုတ်ပေးပြီးတာနဲ့ ဇလုံတစ်လုံးထဲကို အထုတ်များ စီပြီးထဲ့ပေးပါ
  17. ထိုအထုတ်များပေါ်မှ အရမ်းလေးသော ပစ္စည်းတစ်ခုခုနှင့် အခန်းအပူချိန် များသော နေရာမှာ အနည်းဆုံး ၃ရက်လောက် ထားပေးပါ
  18. လေးသောပစ္စည်းနှင့် ဖိထားခြင်းကြောင့် ပုဇွန်ချဉ် ချဉ်သည့်အခါ ပုဇွန်အကောင်မှာ ပျော့ပျော့ကြီး ဖြစ်မနေဘဲ မာနေပါတယ်
  19. တစ်ခါတလေ ရာသီဥတု အပူရှိန် အနည်းအများပေါ်မှာ မူတည်ပြီး ချဉ်တဲ့အချိန် ကွာခြားတတ်ပါတယ်
  20. ရာသီဥတု အရမ်းအေးပါက ရက်နည်းနည်း ကြာအောင် ထားရပါတယ်
  21. ရာသီဥတု ပူပါက သုံးလေးရက်လောက်ဆိုရင် ရပါတယ်
  22. အသုံးပြုသော ပုဇွန်အကောင် အကြီးအသေးပေါ်မှာ မူတည်ပြီးတော့လဲ ချဉ်သည့်ချိန် ကွာခြားတတ်ပါသေးတယ်
  23. ပုဇွန်အကောင် သေးငယ်ပါက ချဉ်သည့်ချိန် မြန်တတ်ကာ ပုဇွန်အကောင်ကြီးလျှင် ချဉ်သည့်ချိန် အနည်းငယ် ကြာနိုင်ပါတယ်
  24. ပုဇွန်ချဉ် ချဉ်သွားပြီ ဆိုပါက ချက်ချင်းကြီး သုပ်မစားဖြစ်သေးလျှင် သော်လည်းကောင်း ကြော်မစားဖြစ်သေးလျှင် သော်လည်းကောင်း ပုဇွန်ချဉ်ကို လေလံဗူးလေးထဲ ထည့်ပေးကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ လေးရက်မှ ငါးရက်ခန့်အထိ သိမ်းထားနိုင်ပါတယ်
  25. ချက်ချင်းသုပ်စားမည် ဆိုပါက ထမင်းများကိုဖယ်ပြီး ကြက်သွန်နီ နံနံပင် ငရုတ်သီးစိမ်း ပဲဆီစိမ်းတို့နှင့် သုပ်စားနိုင်ပါတယ်
  26. သုပ်မစားဘဲ ကြော်စားမည်ဆိုပါက ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးလုံးခြမ်းကွဲတို့ကို ဆီသတ်ပေးပြီးမှ ကြော်စားနိုင်ပါတယ်။

No comments:

Post a Comment