Tuesday 5 November 2019

ငါးပုဏ္ဏား အချဉ်ဆီပြန်









ဒီနေ့တော့ ဗီယက်နမ်စျေးကနေ ငါးပုဏ္ဏား လေးတွေ ဝယ်လာဖြစ်တာနဲ့ စားမြိန်ဟင်းလေး တစ်မယ်ဖြစ်တဲ့ ငါးဟင်းလေး ချက်ဖြစ်ပါတယ် ငါးအသားက နူးညံ့လွန်းတဲ့အတွက် ဟင်းချက်တဲ့အခါ ငါးကိုဆီသတ်စဉ်ကစပြီး အရမ်းမွှေမပေးဘဲ အိုးမကပ်အောင် အိုးကိုဘဲ လှုပ်လှုပ်ပေးပြီး တည်ပေးပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

ငါးပုဏ္ဏား - 500 g
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
ကြက်သွန်နီ - အနေတော် တစ်ခြမ်း
ချင်း - လက်တစ်ဆစ်ခန့်
ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
မန်ကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
နံနံပင် - နှစ်သက်သလောက်
ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ဆီ - ထမင်းစားဇွန်း လေးဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ

ငါးကို အကြေးခွံ ထိုးပေးပြီး မလိုတဲ့ ရေယက်များ ဖယ်ပေးပါ
ပြီးတာနဲ့ ငါးရဲ့ပါးဟက်ထဲမှ ငါးပါးဟက်များကို ဖယ်ပေးပါ
ငါးရဲ့ဗိုက်ထဲမှ အစာအိတ်နှင့် အူများကို စင်သွားအောင် ဖယ်ပေးပါ
အားလုံးသန့်စင်ပြီးတာနဲ့  ရေနှင့်စင်အောင် ဆေးပေးပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့့ကို ညက်နေအောင် ရောပြီး ထောင်းထားပါ
မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေစိမ်ထားပါ
နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ပေးထားပါ

ငါးအရသာနယ်ရန်
သန့်စင်ပြီး ရေစင်အောင် ဆေးထားသောငါးကို ဇလုံကျယ်ကျယ်ထဲ ထဲ့ပေးပါ
ဆားလက်ဖက်ရည်ဇွန်း တစ်၀က်သာသာနှင့်ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ထဲ့ပေးပါ
နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနှင့် အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့ကို ထဲ့ပေးပါ
အားလုံးထဲ့ပြီးပါက အရသာ ၀င်စေရန် ငါးကိုခပ်ဖွဖွ ဆုတ်ပြီးနယ်ပေးပါ

ဟင်းချက်ရန်
အောက်ခြေမကပ်သော အိုးတစ်လုံးထဲမှာ အရင်ဆုံးဆီနှင့် နနွင်းမှုန့် နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ ထဲ့ပြီး ဆီပူအောင် တည်ပေးပါ
ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို ၂မိနစ်လောက် မွှေးလာတဲ့ထိထဲ့မွှေပါ
ဆီသတ်နံ့မွှေးလာတာနဲ့ အရသာ နယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသား မာလာတဲ့ထိ အိုးကိုလှုပ်လှုပ်ပေးပါ
ငါးအသား မာတာနဲ့ရေမြုပ်အောင်ထဲ့ပြီး ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထဲ့ပေးကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
ရေဆူလာတာနဲ့ရေအနည်းငယ် ခမ်းအောင် တည်ပေးပြီး မန်ကျီးသီးမှည့်အနှစ် တို့ကိုထဲ့ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
ဆီမပြန်ခင် အရသာမြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
ဆီပြန်လာပါက နံနံပင်အုပ်ပြီး မီးပိတ်ပေးပါ
နံနံပင်နံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာကောင်းတဲ့ ငါးပုဏ္ဏား ဆီပြန်ဟင်းလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment