Tuesday 19 November 2019

ပုဇွန်ချဉ်ကြော်




အိမ်မှာ ပုဇွန်ချဉ် ထဲ့ဖြစ်တိုင်း သုပ်စားပြီးလို့ ပိုနေတဲ့အခါရယ် ပုဇွန်ချဉ်ကို ရက်အကြာကြီးထားရင် အချဉ်အရမ်း ဖောက်သွားတတ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ရှိနေတုန်းလေးမှာ ချဉ်ငံစပ်လေးဘဲ ကြော်စားဖြစ်တာက များပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ချဉ်ငံစပ် မွှေးမွှေးလေး ကြော်စားဖြစ်ပြန်ပါတယ် ထမင်းစားမိန်စေတဲ့ ဟင်းလေးဖြစ်လို့ ကြော်စားနိုင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ချဉ် - တစ်ဆယ်သားခန့်
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ အမွှာကြီးကြီး - ၂မွှာ
  4. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီးလုံးခြမ်းခွဲ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. နံနံပင် - မိမိနှစ်သက်သလောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငံပြာရည် - အနည်းငယ်

ပြင်ဆင်ပုံ
  1. ပုဇွန်ချဉ်ထဲမှ ထမင်းများကို မစားချင်ပါက ဖယ်ထားပါ
  2. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  4. နံနံပင်နှင့် ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  5. ဆီ အရသာမှုန့် ငံပြာရည် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
  6. ဒယ်အိုးထဲကို ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ 
  7. ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ကြော်ပေးပါ
  8. ပြီးတာနဲ့ ငရုတ်သီးမှုန့် နှစ်မျိုးလုံးကို ထည့်ကြော်ပေးပါ
  9. ငရုတ်သီးနံ့ သင်းလာတာနဲ့ ပုဇွန်ချဉ်ထည့်ကာ မွှေပေးပါ
  10. ပြီးတာနဲ့ အရသာမှုန့် နှင့်ငံပြာရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
  11. အရသာ သမသွားတာနဲ့ ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် တည်ပေးပါ
  12. ရေခမ်းပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  13. ပြီးတာနဲ့ ငရုတ်သီးစိမ်းကို ထည့်မွှေပေးပြီး မီးပိတ်ပေးကာ လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ ခနထားပေးပါ
  14. မီးပိတ်ပြီးမှ နံနံပင်အုပ်ကာ အရသာရှိလှသော ပုဇွန်ချဉ်ကြော် ချဉ်ငံစပ်မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment