Saturday 25 October 2014

မုန့်လက်ကောက်ကြော်




မုန့်သားသေစေရန်ဆန်မှုန့် ကောက်ညှင်းမှုန့် 
ဆား ဆိုဒါ အားလုံးရောနယ်ပြီး နှပ်ထားပေးပါ


မုန့်သားကို ကွင်းပြီးတာနဲ့ နှမ်းစေ့နှင့်လူးပေးပါ


ကြော်ပြီးပါက တခုခြင်းကို Paper Towels


ကြော်ပြီး ဆီစစ်ထားတဲ့ နှမ်းကပ် 
မုန့်လက်ကောက်လေးရပါပြီ


ကျိုပြီးအအေးခံထားသော ထန်းလျှက်ရည်ထဲမှာ 
စိမ်ထားပေးပါ


နှမ်းကပ်ကြော် မွှေးမွှေးလေးနဲ့ မုန့်လက်ကောက် 
ချိုစိမ့်စိမ့်လေးရပါပြီ။

နေ့ လည်နေ့ခင်း မုန့်အချိုစိမ့်စိမ့်လေး စားရအောင် မာမာ မုန့်လက်ကောက်လေး ကြော်ပါတယ် ရိုးရိုးမုန့်လက်ကောက်လေးထက် စားရတာ အရသာပိုကောင်းပြီး မွှေးစိမ့်နေအောင် နှမ်းစိမ်းလေးနဲ့ လှိမ့်ကာ ကြော်ထားပါတယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံ ၂နာရီ၃နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သားသေအောင်ထားပြီးမှ ကြော်တာအကောင်းဆုံးပါ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ ဘူးပေါ့နော်။

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
ရနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးသာသာ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ
ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ
နှမ်းဖြူ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်၀က်သာသာ
ဆီ - လိုသလောက် သုံးပါ
ထန်းလျှက်ခဲ - 200 g
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး

ထန်းလျှက်ရည်ကျိုရန်
အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေကိုထည့်ပြီး မီးဖိုပေါ်တင်ကာ ကျိုပေးပါ
ထန်းလျှက်ခဲများ အရည်ပျော်လာပါက အရည်ကို ပျစ်လာတဲ့အထိ ဆက်တိုက်မွှေပေးပါ
မွှေနေစဉ် ထန်းလျှက်ရည် ကြွက်မြှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို ယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
ကြွက်မြှီးတန်း အနေအထားလောက် ရလာပါက အအေးခံပေးထားပါ
ပြင်ဆင်ပုံ
ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့် ဆန်မှုန့် ဆား ဆိုဒါတို့ကို ရေနွေးနည်းနည်းချင်းထည့်ကာ နယ်ပေးပါ
ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်း မပျော့စေရန် ရေအကုန်မထည့်ဘဲ ရေကိုချန်ထားလိုက်ပါ
မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
မုန့်သားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ
မုန့်သားနှပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ  အနေတော်မုန့်သားကိုယူကာ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရတာနဲ့ ထိပ်စ၂ဖက်ကို အဝိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ
ပြီးတာနဲ့ နှမ်းထည့်ထားသော ပန်းကန်ထဲမှာ နှမ်းစေ့များ ကပ်အောင် လူးလိုက်ပါ
ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ ကွင်းထားသော မုန့်သားကို ထည့်ကြော်ပေးပါ
မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
မီးအနေတော်နဲ့ကြော်နေစဉ် တဖက်ရွှေဝါရောင် သန်းလာပြီး ကျက်လာရင် တဖက်ကို လှန်ပေးပါ
၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး ကျွတ်သွားပါက ဆယ်ပြီး Paper Towels ပေါ်တင်ပြီး ဆီစစ်ပေးထားပါ
မုန့်လက်ကောက် ၁၅ခုစာ ရပါမယ်
ထန်းလျှက်ရည် ကျိုပြီးပါက နှမ်းကပ်မုန့်လက်ကောက်ကို ထန်းလျှက်ရည် ချိုချိုလေးနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီရှင်။

4 comments:

  1. မုန့်လက်ကောက်လုပ်နည်းလေး ဖတ်သွားတယ် မာမာရေ...
    တီတင့်အသက် ၂၅နှစ်လောက်အထိ မုန့်လက်ကောက်သည် ဖြတ်သွားတာမြင်ရင် ၀ယ်စားတုန်းပေါ့ ^_^

    ReplyDelete
    Replies
    1. တီတင့်ရေ
      မြန်မာမုန့်တွေကတော့ ဘယ်အချိန်တွေ့တွေ့ စားကို စားချင်တာနော်။

      Delete
  2. ဟုတ်မယ်မာမာရေ…။ မာမာပြောသလိုနှပ်မထားမိလို့ဖြစ်မယ်။ ဆီပေါက်ပြီး ညာဖက်လက်တခုလုံး ရစရာမရှိအောင် စုပ်ပြတ်သွားပြီးကတည်းက မုန့်လက်ကောက်ဆိုရင် မျက်နှာလဲမမြင်ချင်၊ အသံလဲမကြားချင်တော့ဘူး။ ဆီပူလောင်တဲ့ဒဏ်ရာက တော်တော်ကြီးကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာ။ ခုတော့ ပျားရည်နဲ့ ကြိတ်မှန်ရွက် အစွမ်းကြောင့် သိပ်မတွေ့ရတော့ပါဘူး။ သေချာကြည့်ရင်တော့ အသားအရောင်ချင်း မတူဘူး။ ခုလဲ မာမာ့ပို့စ်ကိုဖတ်ရင်း ကိုယ့်လက်ကိုယ်လဲပြန်ပြန်ကြည့်နေမိတယ်။

    ReplyDelete
  3. စိတ်မကောင်းလိုက်တာ နန်းရွှေမှုံရယ် တချို့က လုပ်နည်းကို အကုန်မပြောကြဘူး ဆရာစားချန်တာပေါ့နော်
    မမမာတော့ ကိုယ်တိုင်လုပ်ကြည့်ပြီး အကုန်ပြောပြလိုက်ရမှ စိတ်ကျေနပ်မိတယ် ဒိမင့်ဆို အန္တရာယ် တခုခုဖြစ်ရင် ကိုယ့်ကြောင့် ဖြစ်မှာ ဆိုးမိတယ်။

    ReplyDelete