Friday 3 October 2014

ချင်းချဉ်သုပ်


နေ့လည်နေ့ခင်း ရေနွေးပူပူလေးနဲ့ ချင်းအရိုင်းသုပ်လေး သုပ်စားဖြစ်ပါတယ် ချင်းသုပ်လို့ဆိုလိုက်တာနဲ့ အုန်းသီးကြော် ပဲမှုန့် နှမ်းစေ့ဆီတို့ပါရပါမယ် မာမာကတော့ ဒါတွေမရှိလို့ အရိုင်းသုပ်လေးလို့ဘဲ နံမည်တပ်ပြီး သုပ်စားလိုက်ပါတယ်။

ကိုယ်တိုင်လုပ်တဲ့ ချင်းချဉ်လေးကို အိမ်မှာရှိတဲ့ အသီးအရွက်တွေ ပြစ်ထဲ့ပြီး ရောသမမွှေလိုက်ပြီးတဲ့နောက် ချင်းအရိုင်းသုပ်လေး တစ်ပွဲတော့ လှလှပပလေး ရလာပါပြီ။

ပါဝင်ပစ္စည်းများ

  1. ချင်းချဉ် ထမင်းစားဇွန်း - နှစ်ဇွန်းမောက်မောက်
  2. ဂေါ်ဖီ - အနေတော် တစ်စိတ်
  3. လက်ဖက်အကြော်စုံ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  4. ပုဇွန်ခြောက် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  5. ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  6. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ချင်းချဉ် လက်ဖက်အကြော်စုံနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာပါဝင်ပစ္စည်းများကို ထည့်ပေးပြီး သမအောင် ခပ်ဖွဖွလေး ရောနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချင်းအရိုင်းသုပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment