စိတ်ထဲမှာ တစ်ခါတစ်လေ စားချင်စိတ် ပေါ်လာတာလေးတွေ လုပ်စားဖြစ်ပါတယ် အမြဲတမ်း သုပ်စားမယ်ဆိုရင်လဲ အရမ်းကြိုက်တဲ့ အစာထဲမှာ ပါပါတယ် ဒါပေမဲ့ ကထိကထ တော်တော်လေးများလွန်းလို့ ရံဖန်ရံခါလောက်ဘဲ သုပ်စားဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ (ပဲ အာလူးဟင်းချက်ရန်)
- ကြက်ခြေထောက် - 500 g
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ခြေထောက်ပြုပ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ခြေထောက်ပြုပ်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ခြေထောက်ပြုပ်ရန်)
- ဆင်ခေါင်းပဲ - 400 g (ပြုပ်ပြီးသား)
- ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
- ကြက်သွန်ဖြူ ၀ အမွှာကြီးကြီး သုံးမွှာ
- ချင်း - ခပ်ပါးပါး သုံးပြား
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
- အာလူး - ခပ်ကြီးကြီး နှစ်လုံး
- မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(ပဲဆီသတ်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း လေးဇွန်း (ပဲဆီသတ်ရန်)
- ဂေါ်ဖီ - အနေတော် တစ်ခြမ်း
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
- သံပုရာသီး - နှစ်လုံး
- ပူစီနံ - မိမိနှစ်သလောက်
ပဲ အာလူးဟင်းအတွက် ပြင်ဆင်ပုံ
- Ready made ဆင်ခေါင်းပဲ ပြုပ်ပြီးသား ဗူးကိုဖောက်ပြီး ပဲများကို ရေဆေးထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ နှင့်ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းထားပါ
- အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ် စိတ်ပြီး ရေဆေးထားပါ
- မန်ကျည်းမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနည်းငယ်နှင့် စိမ်ထားပါ
- ဆင်ခေါင်းပဲ ငါးငံပြာရည် အာလူး ဆား အရသာမှုန့် ဆီ မဆလာနှင့် နနွင်းမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
- ဆီသတ်နံ့ သင်းလာတာနဲ့ အာလူးကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
- ပြီးတာနဲ့ ငါးငံပြာရည်ကို ထည့်မွှေပေးပြီး အာလူးနူးအောင် တည်ပေးပါ
- အာလူးနူးတာနဲ့ ဆင်ခေါင်းပဲ အရသာမှုန့် ဆားနှင့် မန်ကျည်သီးမှည့် အရည်နှင့် ရေမြုပ်အောင် ထည့်ပေးကာ တည်ပေးပြီး အရသာ မြည်းပေးပါ
- ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး ရေခမ်းကာ နီးတာနဲ့ မဆလာအုပ်ကာ မီးပိတ်ပေးထားပါ
ပဲဟင်းရည်အတွက် ပါဝင်ပစ္စည်းမျာ
- ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ပဲရည်အိုးထဲထည့်ဖို့ ဆီသတ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ကြက်သွန်နီ - ခပ်သေးသေး ဆယ်ငါးလုံး
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရေ - တရုတ်ဟင်းပြင်ပန်းကန် နှစ်လုံးသာသာ
ပဲဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးသာသာထည့်ပြီး ပဲမှုန့်များ ကျေသွားအောင် ချေထားပေးပါ
- ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီးထောင်းထားပါ
- ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
- ဆား ရေ ဆီ နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ကြော်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ
- ဇောက်နက်သော အိုးထဲမှာ အရည်ဖျော်ထားသော ပဲအရည်များကို ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ
- ပဲအရည်များ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
- ပဲရည်များ ပြစ်လာပြီး ပဲစိမ်းနံ့ ပျောက်လာပါက ရေနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
- ပဲရည် ခပ်ကျဲကျဲလေး ရလာတာနဲ့ ဆီသတ်ထားသော ငရုတ်သီး ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
- ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးနဲ့ မီးဖိုပေါ်မှာ ပဲဟင်းရည်အိုးကို တင်ထားပေးပါ။
ကြက်ခြေထောက်ပြုပ်ရန်
- ကြက်ခြေထောက်များကို ရေစင်အောင်ဆေးပြီး အရိုးများ ထုတ်ထားပေးပါ
- ဇောက်နက်သော အိုးထဲမှာ ကြက်ခြေထောက် ဆားနှင့် အရသာမှုန့်တို့ ထည့်ပေးကာ အရသာ ဝင်အောင် နယ်ပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးကာ ရေခမ်းပါက အအေးခံထားပေးပါ
ကြက်ခြေထောက်သုပ်ရန်
- ပြုပ်ထားသော ကြက်ခြေထောက်များ
- ချက်ထားသော ပဲဟင်းရည်
- ကြက်သွန်ကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
- သံပုရာသီးကို ရေဆေးကာ အစိတ်တွေ စိတ်ထားပါ
တစ်ပွဲစာအတွက် ပြင်ဆင်ပုံ
- ပန်းကန်တစ်ခုထဲမှာ ကြက်ခြေထောက် ဂေါ်ဖီ အနည်းငယ် ကြက်သွန်နီ အနည်းငယ် ပဲအာလူးဟင်း အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ပူစီနံ အနည်းငယ် ထည့်ပေးပါ
- ပြီးတာနဲ့ သံပုရာသီး တစ်စိတ် အရည်ညှစ်ကာ ပဲဟင်းရည်ကို မိမိနှစ်သက်သလောက် ဆမ်းပေးပြီး အရသာ အပေါ့အငံကို လိုသလိုပြင်ပေးပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
ပျောက်ချက်သားကောင်းလို့ မျှော်တုန်းမျှော်ဆဲ ပို့စ်လေးတက်လာလို့ ဖတ်ခွင့်ရသွားပြီ မာမာရေ...ကြိုက်မှကြိုက်.. ♥♥♥
ReplyDeleteမီးမီးလေး စာမေးပွဲဖြေနေလို့ပါ တီတင့်ရေ
ReplyDeleteသူစာမေးပွဲပြီးမှဘဲ စိတ်ကူးရတာလေးတွေ လုပ်နိုင်တော့မယ်ထင်ပါရဲ့နော် ။