Monday 20 October 2014

ငါး ငါးပိချက် စပ်စပ်လေး


ချက်စားဖြစ်ခဲ့တဲ့ ငါး ငါးပိချက်လေးပါ ဘာငါးနဲ့ဘဲ ချက်ချက် အဆင်ပြေတဲ့ ဟင်းလေးပါ ထမင်းစားရတာလဲ သိပ်မိန်တဲ့ဟင်းဆိုလဲ မမှားပါဘူး မာမာကတော့ ငါးပိချက် ချက်ပြီဆိုရင် တို့စရာအစုံအလင်နဲ့ စားရတာကို ပိုပြီးသဘောကျပါတယ်။

ထမင်းမိန်စေမဲ့ ငါးပိချက် ချက်နည်းလေးကို မာမာ့လိုဘဲ ချက်စားနိုင်အောင်  အားလုံးဘဲ ထမင်းမိန်မိန် စားနိုင်စေဖို့ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. နုတ်နုတ်စင်းထားသော ဘာဆာငါး - 150 g (အရိုးထွင်ပြီးသား မည်သည့်ငါးမဆို ချက်နိုင်ပါတယ် )
  2. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ပါးပါးလှီးထားသော ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး
  5. အခွံခွာပြီးရေဆေးထားသော ကြက်သွန်ဖြူ - ၅မွှာ
  6. ဆီ လက်ဖက်ရည်အကြမ်းပန်းကန် - တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ကျိုထားသော ငါးပိရည်ကျိုပျစ်ပျစ် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ နနွင်းမှုန့်ကိုထဲ့ပေးပါ 
  • ပြီးတာနဲ့ကြက်သွန်နီကို ထည့်ပေးပြီး နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ ငရုတ်သီးမှုန့်ကို မွှေးလာတဲ့ထိ ကြော်ပေးပါ
  • ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ငါးကိုငါးငံပြာရည်ထဲ့ကာ ခြောက်ပြီး ငါးအသားများ မွလာတဲ့အထိ ကြော်ပေးပါ
  • ငါးအသားများ မွလာတာနဲ့ ခရမ်းချဉ်သီးကိုထဲ့ပြီး အခွံများလိပ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ အရသာမှုန့်နှင့် ငပိရည်ကျိုတို့ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့အရသာကိုမြည်းကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ထဲ့မွှေပေးပြီး မီးပိတ်ပေးပါ
  • ငါးပိချက် စပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်နိုင်ပါပြီ။

4 comments:

  1. ပုံလေးမြင်မှ သတိရတယ် မစားဖြစ်တာကြာနေပြီ.....ပြန်ချက်စားအုန်းမယ်မာမာရေ ကျေးဇူးပါ

    ReplyDelete
    Replies
    1. ထမင်းမိန်ဆေးလေးပေါ့ စံပယ်ချိုရေ
      ချက်စားနော် :-D

      Delete
  2. တို့စရာအစုံနဲ့ စားလိုက်ရရင် ဆွေမျိုးမေ့ဟင်းလို့ ကင်ပွန်းတပ်ရမယ် ... :)

    ReplyDelete
  3. တကယ်ကို ဆွေမျိုးမေ့လောက်တဲ့ ဟင်းလေးနော် တီတင့်
    အိမ်မှာတော့ အခု ထမင်းထပ်ချက်နေရပြီ :-D

    ReplyDelete