ဒီနေ့တော့ ပဲနီပြား လေးတွေကိုပြုပ်ပြီး ပဲနှပ်လေး ချက်ဖြစ်ပါတယ် ထမင်းပူပူလေးကို ပဲနှပ်လေးရယ် ငါးပိရည်ဖျော် စပ်စပ်လေးရယ် နယ်စားလိုက်ရင်တော့ ထမင်းစားလို့ မြိန်စေအုံးမှာ အမှန်ပါဘဲ။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲနှပ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ
- ပဲနီပြား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲမှာ ပဲကိုထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
- ပြီးတာနဲ့ ပဲများအားလုံး ရေမြုပ်အောင်ထည့်ပြီး ငါးနာရီလောက် ရေစိမ်ပေးပါ
- ရေစိမ်ထားသော ပဲများပွလာတာနဲ့ စိမ်ထားသော ရေများကို သွန်လိုက်ပါ
- ပဲများကို ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပြီး ပဲများကို ရေမြုပ်အောင်ထည့်ပြီး ဆားထည့်ပေးကာ တည်ပေးပါ
- ပထမတစ်ရည်ခမ်းပြီး ပဲမနူးသေးပါက ရေကိုချင့်ချိန်ပြီး ထပ်ထည့်ကာ ပဲများနူးတဲ့အထိ ပြုပ်ပေးပါ
- ပဲများ နူးလာတာနဲ့ မီးပိတ်ပေးပြီး လက်ကျန်အပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပြီး ပဲနပ်အောင် နှပ်ထားပေးပါ
ပါနှပ်ရန် ပါဝင်ပစ္စည်းများ
- ပြုပ်ပြီးသားပဲ - ဟင်းပြင်ပန်းကန် တစ်လုံးစာ
- နနွင်းမှုန့် - လက်ဖက်ရညိဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
ပဲနှပ်ရန် ပြင်ဆင်ပုံ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် အမြှောင်းလေးတွေ လှီးပေးထားပါ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အိအိလေး ဖြစ်သွားအောင် ကြော်ပေးပါ
- ကြက်သွန်များ အိသွားတာနဲ့ ပဲပြုပ် ငံပြာရည် ဆားနှင့်အရသာမှုန့်တို့ ထည့်မွှေပြီး ကြော်ပေးပါ
- ချင်းနံ့လေး သင်းလာတာနဲ့ ပဲနှပ်အိအိလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။။
No comments:
Post a Comment