ဒီနေ့တော့ အရသာ တစ်မျိုးလေးနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ဝက်သားလုံးကြော်လေး ကြော်ဖြစ်ပါတယ်။ ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းပါတယ်။
ဒါကြောင့်မိုလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ စားလို့ကောင်းလွန်းတဲ့ ဝက်သားလုံးကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝက်ကြိတ်သား - 500 g (အသားကိုဘဲသုံးပါ)
- ကြက်သွန်မိတ် - အနေတော် သုံးပ်
- ကြက်သွန်နီ - အနေတော် သုံးလုံး
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ရှောက်နူရွက် - နှစ်ရွက်
- သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆန်လှော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- နှမ်းဆီမွှေး - ထမင်းစားဇွန်း တစ်ဇွန်း
- ပြောင်းကော်မှုန့် - ထမင်းစားဇွန်ူ နှစ်ဇွန်း
- အကြော်မှုန့် - ထမင်းစားဇွန်းလေးဇွန်း
- ကြက်ဥ - တစ်လုံး
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ဝက်ကြိတ်သားကို အဆင်သင့် ပြင်ထားပါ
- ရှောက်နူရွက်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ခလောက်ထားပါ
- အကြော်မှုန့်ကို ပန်းကန်ထဲမှာ ထည့်ထားပေးပါ
- ဇလုံတစ်လုံးထဲမှာ ဝက်ကြိတ်သားနဲ့အတူ ပါဝင်တာတွေအားလုံး ထည့်ပေးကာ နယ်ပေးပါ
- ပြီးတာနဲ့ ဝက်သားလုံးလေးတွေ ရလာအောင် လုံးပေးပါ
- ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ဝက်သားလုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
- ဝက်သားလုံးလေးတွေ တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
- ဝက်သားလုံး တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားတာနဲ့ ဝက်သားလုံးကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment