Thursday 30 April 2020

ငါးမြင်းဗိုက်သား ငပိချက်


ဒီနေ့တော့ အဆီများတဲ့ ငါးမြင်းဗိုက်သားလေးတွေ  ဝယ်လာပြီး အအီပြေရလေအောင် ချဉ်ချဉ်ငံငံစပ်စပ် အရသာလေး ရလေအောင် ငါးပိရည်ကျိုလေးနဲ့ ငါးပိချက်ယောင်ယောင်လေး ချက်ပါတယ် တို့စရာ အစုံနဲ့ ထမင်းစားရမှာမို့လို့ ထမင်းတော့ မြိန်အုံးမှာ သေချာပါတယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးမြင်းဗိုက်သား - သုံးဆယ်သားခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငါးပိရည် ကျိုပြီးသား - ထမင်းစားဇွန်း ဆယ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  11. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  12. ခရမ်းချဉ်သီး - အနေတော် ငါးလုံး
ပြင်ဆင်ပုံ
  • ငါးမြင်းဗိုက်သားကို ရေစင်အောင် ဆေးပေးပြီး ခပ်ကြီးကြီး တုံးပေးပါ
  • တုံးပြီးသားငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဟင်းချက်ရန် ပါ၀င်သောပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နှင့် တို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့်တ်ု့ ရောပြီးထောင်းထားတာတို့ကို ထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိပ်လာတဲ့အထိ ချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိပ်လာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတစ်ခမ်း အချိန်မှာ ကျိုထားသော ငါးပိရည်ကို ထည့်မွှေပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပါ
  • ငါးမြင်းဗိုက်သား ငါးပိရည်ကျို ချိုချဉ်ငံစပ် အရသာလေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် တို့စရာ အစုံတို့ဖြင့်  ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment