ဒီတစ်ခါတော့ ငါးမြစ်ချင်းတစ်ကောင် ဝယ်လာပြီး တစ်ဝက်ကို ဟင်းခါးချက်ဖို့ ပြင်လိုက်ကာ တစ်ဝက်ကိုတော့ ငါးပိရည်နဲ့ ရောပြီးကျိုပါမယ် ငါးပိရည်သာ ပါလို့ကတော့ ဟင်းမလိုလောက်အောင်ကို ထမင်းစားလို့ မြိန်စေတာမို့လို့ မာမာပြင်ဆင်ပြီး ကျိုထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
- ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
- ငါးပိရည် ရပါက ဇကာစိတ်စိတ်လေးခံပြီး အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့ ပြောင်းထည့်ထားပါ။
ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
- ငါးမြစ်ချင်း - အနေတော် တစ်ကောင်
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် (အနီရောင်ကိုဘဲသုံးပါ)
- ကုလားအော် ငရုတ်သီး - ငါးတောင့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၁မွှာ
- ကြက်သွန်နီ - အနေတော် သုံးလုံး
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
- ငါးကို အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေးကာ ထက်ဝက်ပိုင်းပေးပြီး ရေစင်အောင် ဆေးပေးပါ
- ပြီးတာနဲ့ အိုးတစ်လုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
- ငါးအသား နူးလာတာနဲ့ အရိုးအသား သပ်သပ်စီ ထွင်ပေးပါ
- အရိုးထွင်ထားသော ငါးတစ်ဝက်ကို ဟင်းခါးချက်ရန် ချန်ထားပြီး ကျန်တစ်ဝက်ကို ငါးပိရည်ကျိုထဲ ထည့်သုံးပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ ထည့်လှော်ပေးပါ
- ကြက်သွန်နီကိုလဲ အခွံမခွာဘဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ ထည့်လှော်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
- ငရုတ်သီးစိမ်းများကိုလဲ အညှာများချွေ ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ ထည့်လှော်ပေးပါ
- ပြီးတာနဲ့ ငရုတ်သီးစိမ်းများကို မညက်တစ်ညက် ထောင်းပေးထားပါ
- ကုလားအော် ငရုတ်သီးကိုလဲ ရေဆေးထားပါ
- ငရုတ်သီး အလှော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုလဲ ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါ၀င်ပစ္စည်းများကို ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အရသာ စပ်ထားသော ငါးပိရည်အဖျော်ကို ဆီအိုးထဲ လောင်းထည့်ပေးကာ ပွက်ပွက်ဆူအောင် ကျိုပေးပါ
- ပြီးတာနဲ့ အအေးခံပြီး တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လိုအပ်တဲ့အချိန် ယူသုံးနိူင်အောင် လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
- အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာ ရှိလှတဲ့ ငါးမြစ်ချင်း ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment