Thursday 16 April 2020

မုန့်လုံးရေပေါ်



သင်္ကြန်ချိန်ခါ ရောက်လာတာနဲ့ အရင်ဆုံး စိတ်ထဲပေါ်လာတာက ပိတောက်ပန်းနဲ့ မုန့်လုံးရေပေါ်ပါဘဲ ရာသီစာ ရိုးရာအစာလေး ဖြစ်နေတာကြောင့် ဒီနေ့တော့ မုန့်လုံးရေပေါ် အိအိလေး လုပ်စားဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဗဝပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  2. ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ဗူး
  3. ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး 
  4. အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
  5. ထန်းလျှက်ခဲ - လက်သန်းတစ်ဆစ်စာလောက် အခဲ၂၀ခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ်ထဲမှာ ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
  • သမသွားသော ထိုအမှုန့်ထဲကို ရေ နည်းနည်းချင်း ထည့်ပေးပြီး မုန့်သားပျော့အိလာတဲ့အထိ နယ်ပေးပါ
  • ရေကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်း ထည့်ပေးပါ
  • တစ်ခါတရံ မိမိသုံးသော ကောက်ညှင်းမှုန့်အပေါ် မူတည်ပြီး ရေကို လိုတိုးပိုးလျှော့ လုပ်ရတဲ့အတွက် နည်းနည်းချင်း ထည့်ပေးရခြင်း ဖြစ်ပါတယ်
  • မုန့်သားပျော့ပြီး စေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက မုန့်သားကို အ၀တ်ရေစွတ်ပြီး ရေညှစ်ကာ အုပ်ထားပြီး နာရီ၀က် တစ်နာရီလောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
  • ထန်းလျှက်ခဲကို လက်သန်းတစ်ဆစ်စာ လောက်လေးတွေ တုံးပေးထားပါ
  • အုန်းသီးဖတ်ကို ဆားထည့်ပြီး ငံမြမြလေးရအောင် ဖွဖွလေး နယ်ထားပြီး ပန်းကန်တစ်ခုထဲမှာ ထည့်ထားပေးပါ
  • မုန့်လုံးရေပေါ် ကျက်ရင်ဆယ်ပြီးထည့်ဖို့ ဇလုံတစ်လုံးထဲမှာ ရေထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • မုန့်သားနှပ်ထားချိန် ပြည့်တာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက် ရအောင်ယူပြီး လက်ဝါးထဲထည့်ကာ ၇ခါလောက် ဆုတ်ဆုတ်ပြီး ညှစ်ပေးပါ
  • ပြီးတာနဲ့ အလုံးလေး ဖြစ်လာအောင် လက်ဝါးနှစ်ဖက်ကြားမှာ အနည်းငယ် ဝိုက်ပြီး လုံးလိုက်ပါ
  • အလုံးလေး ဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့် ဖိလိုက်ပါ
  • ချိုင့်သွားသော နေရာထဲသို့ထန်းလျှက်ခဲ အစိတ်လေး တခုထည့်လိုက်ပါ
  • ထန်းလျှက်ခဲပေါ်သို့ မုန့်သားပြန်အုပ်ပြီး လက်ဝါးနှစ်ဖက်ကြားမှာ ဝိုက်ပြီး လုံးပေးပါ
  • ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
  • ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့် ပြုပ်ချိန်မှာ ထန်းလျှက်ရည်များ အပြင်သို့ ပေါက်ထွက်ပါတယ်
  • မုန့်သားအားလုံး လုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်များကို တစ်လုံးချင်း တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပါ
  • မုန့်သားကျက်ပြီး ရေပေါ် ပေါ်လာပါက မုန့်အတွင်းသားမျာ းကျက်စေရန် နှစ်မိနစ်လောက် ထားပြီးမှ ဇွန်းဇကာနှင့် ဆယ်ပေးပါ
  • ရေပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ကာ ရေထည့်ထားသော ဇလုံထဲသို့ တန်းပြီးထည့်ပေးပါ
  • မုန့်လုံးရေပေါ် အေးသွားတာနဲ့ ရေစိမ်ထားသော မုန့်လုံးရေပေါ်များကို ဆယ်ပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အုန်းသီးဖြူးပေးပြီး ဆွမ်းတော်ကပ်ဖို့ ဖယ်ပေးထားကာ  စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment