ဒီတခါတော့ အိမ်မှာရှိတဲ့ သာကူလေးတွေ လက်ကျန်ဖြတ်ချင်တာနဲ့ သာကူပူတင်းလေး လုပ်စားဖြစ်ပါတယ် အချိုပွဲအတွက် အရမ်းစားလို့ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- အုန်းနို့့ - 250 ml
- ဆွမ်းမွှေးရွက် - သုံးရွက်
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ရေ - ထမင်းစားဇွန်း နှစ်ဇွန်း
- ထန်းလျှက်ခဲ - 70 g
- ရေ - 900 ml
- သာကူစေ့ အသေး - 2 ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
- ပူတင်းပုံဖော်ရန် ဖန်ပန်းကန် သေးသေးလေး - သုံးခု
- Glad wrap - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ 900 ml ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ သာကူစေ့ကို ထည့်ပြုပ်ပေးပါ
- သာကူစေ့များ ပြုပ်နေစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
- မျက်စေ့အဆံလေးတွေ ပျောက်လာတာနဲ့ ဇကာစိတ်စိတ်လေးထဲ သွန်ချပေးပြီး ရေနွေးများ ကုန်သွားအောင် စစ်ပေးပါ
- ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော ဖန်ပန်းကန်လေးတွေထဲကို မျှထည့်ပေးပါ
- မုန့်သားလှစေရန် သာကူများ ထည့်နေစဉ် ဇွန်းနှင့် ခပ်ဖွဖွလေး လိုက်ဖိပေးပါ
- ပြီးတာနဲ့ glad wrap နှင့် ပန်းကန်လေးတွေကို အုပ်ပေးပါ
- ပြီးတာနဲ့ ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ သုံးနာရီလောက် ထားပေးပါ
- ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ အုန်းနို့နှင့်ဆားကိုထည့်ပြီး ကျိုပေးပါ
- အုန်းနို့ အတော်လေး ပျစ်လာပြီဆိုရင် မီးပိတ်ပေးပြီး ပန်းကန်လုံး တစ်ခုထဲ ပြောင်းထည့်ပေးပါ
- ထန်းလျှက်ခဲကို ကျိုရတာ မြန်စေရန် ဓါးနှင့် ခပ်ပါးပါးလေးတွေ လှီးထားပေးပါ
- ဆွမ်းမွှေးရွက်ကို ရေစင်အောင်ဆေးပြီး အထုံးလေး ထုံးပေးထားပါ
- အုန်းနို့ကျိုတဲ့ အိုးကိုဆေးပြီး ထိုအိုးထဲမှာ ရေထမင်းစားဇွန်း နှစ်ဇွန်း ဆွမ်းမွှေးရွက်နှင့် ထန်းလျှက်ခဲကို ထည့်ပြီး ကျိုပေးပါ
- ခပ်ပျစ်ပျစ် အနေအထား ရတဲ့အထိ ကျိုပေးပြီး မီးပိတ်ပေးကာ ဆွမ်းမွှေးရွက်ကိုဖယ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပေးပါ
- သာကူစေ့ ရေခဲသေတာထဲ ထည့်ထားတာ သုံးနာရီ ပြည့်ပြီဆိုတာနဲ့ အပြင်ထုတ်ပေးပါ
- သာကူပူတင်း ထည့်ပေးရန် ပြင်ထားသော ပန်းကန်ပြားပေါ်ကို သာကူပူတင်းလေးတွေ ထည့်ပေးပါ
- သာကူပူတင်း လှလှလေး ရစေရန် ပန်းကန်ထဲမှ ဇွန်းခရင်းလေးဖြင့် အသာလေး ကော်ပြီးတွန်းချပေးပါ
- ပြီးတာနဲ့ အုန်းနို့နှင့် ထန်းလျှက်ရည်ကို ဆမ်းပေးပြီး ချိုချိုစိမ့်စိမ့် သာကူပူတင်းလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment