Thursday 28 November 2019

အုန်းစိမ်းကျောက်ကျော


ဒီနေ့တော့ အုန်းသီးအနုလေးတစ်လုံး ဝယ်လာကာ အုန်းစိမ်းရည်ရယ် အုန်းသီးဇွန်းခြစ် အသားလေးတွေရယ် ရောပြီး အချိုတည်းဖို့အတွက် ကျောက်ကျောလး လုပ်ပါတယ်။

စားလိုက်တဲ့အခါ အုန်းစိမ်းရည် အနံ့လေးရယ် အုန်းသီးဇွန်းခြစ် အနံ့လေးရယ် ရောနေပြီး  အနံ့သင်းသင်းလေးနဲ့ စားလို့အရမ်းဘဲ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကျောက်ကျောမှုန့်  - 12 g  
  2. သကြား - 50 g 
  3. အုန်းစိမ်းရည် - 310 ml 
  4. ရေ - 350 ml
  5. ဇွန်းခြစ်အုန်းသီးဖတ် - မိမိကြိုက်သလောက် ထဲ့ပေးပါ
  6. ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး (သို့) ဗန်း - တစ်ခု (သို့) ပုံစံခွက်လေးများ
  7. ဇောက်နက်သော အနေတော်အိုး - တစ်လုံး
ပြင်ဆင်ပုံ
  • အုန်းသီးကိုခွဲပေးကာ အုန်းရည်ကို အရင်ဆုံးယူထားပါ
  • အုန်းသီးအထဲမှ အုန်းသီးဖတ် အသားအနုလေးတွေကို ဇွန်းနှင့် ခြစ်ပေးပါ
  • ကျောက်ကျောကျိုမည့် ကျောက်ကျောမှုန့် အုန်းရည် အုန်းသီးဖတ် ရေနှင့် သကြားတို့ကို ပြင်ထားပါ
  • ကျောက်ကျောကျိုပြီးထဲ့မည့် ဗန်း (သို့) ဗူး (သို့ ) ပုံစံခွက်လေးများကို ပြင်ထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ ရေ အုန်းရည် ကျောက်ကျောမှုန့် သကြားတို့ကို အရည်ပျော်သွားအောင် ရောမွှေထားပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး အပူပေးပါ
  • ကျောက်ကျောရည်များ ပွက်ပွက်ဆူလာပါက မီးကို အလယ်လောက်အထိ လျှော့ပေးပြီး ကျိုပေးပါ
  • ကျိုနေသော ကျောက်ကျောရည်များ တော်တော်လေး ပျစ်လာတဲ့အထိ မွှေပေးပါ
  • မွှေနေစဉ်မှာ ကျောက်ကျောအရည်များ ပျစ်လာပါက  ကျောက်ကျောရည်ကို ဇွန်းနှင့်ခပ်ကာ ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ကျောက်ကျောရည် အစက်လေးကို ချပေးပါ
  • အစက်ချထားသော ကျောက်ကျောရည်ကို မိနစ်ဝက်လောက်နေရင် လက်ကလေးနဲ့ တွန်းကြည့်ပါ
  • ပန်းကန်ပြားထဲမှ ကျောက်ကျောရည် ခဲသွားပါက အုန်းသီးဖတ်များကို ထဲ့မွှေပေးပါ
  • ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော ပုံစံခွက်လေးများထဲသို့ ကျောက်ကျောရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ ခဲသွားတဲ့အထိ အခန်းအပူချိန်အတိုင်း အအေးခံပေးပါ
  • ကျောက်ကျောရည်များ ခဲသွားမှ ပုံစံခွက်ထဲမှ ကျောက်ကျောတုံးလေးများကို ဓါးဦးချွန်လေးနှင့် ကော်ပေးကာ အပြင်ကို ထုတ်ပေးပါ
  • ပြီးတာနဲ့ အချိုပွဲအဖြစ် အုန်းစိမ်းကျောက်ကျော မွှေးမွှေးလေးကို စားသုံးဖို့ ပြင်ပေးနိူင်ပါပြီ။
မှတ်ချက် ။။ အချိုအရသာ ပိုကြိုက်ပါက သကြားကို ပိုထဲ့ပေးပါ။

No comments:

Post a Comment