အိမ်မှာ ပုဇွန်ချဉ် ထဲ့ဖြစ်တိုင်း သုပ်စားပြီးလို့ ပိုနေတဲ့အခါရယ် ပုဇွန်ချဉ်ကို ရက်အကြာကြီးထားရင် အချဉ်အရမ်း ဖောက်သွားတတ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ရှိနေတုန်းလေးမှာ ချဉ်ငံစပ်လေးဘဲ ကြော်စားဖြစ်တာက များပါတယ်။
ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ချဉ်ငံစပ် မွှေးမွှေးလေး ကြော်စားဖြစ်ပြန်ပါတယ် ထမင်းစားမိန်စေတဲ့ ဟင်းလေးဖြစ်လို့ ကြော်စားနိုင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ချဉ် - တစ်ဆယ်သားခန့်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ အမွှာကြီးကြီး - ၂မွှာ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီးလုံးခြမ်းခွဲ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- နံနံပင် - မိမိနှစ်သက်သလောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငံပြာရည် - အနည်းငယ်
ပြင်ဆင်ပုံ
- ပုဇွန်ချဉ်ထဲမှ ထမင်းများကို မစားချင်ပါက ဖယ်ထားပါ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
- နံနံပင်နှင့် ငရုတ်သီးစိမ်းကို ရေဆေးထားပါ
- ဆီ အရသာမှုန့် ငံပြာရည် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
- ဒယ်အိုးထဲကို ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
- ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ကြော်ပေးပါ
- ပြီးတာနဲ့ ငရုတ်သီးမှုန့် နှစ်မျိုးလုံးကို ထည့်ကြော်ပေးပါ
- ငရုတ်သီးနံ့ သင်းလာတာနဲ့ ပုဇွန်ချဉ်ထည့်ကာ မွှေပေးပါ
- ပြီးတာနဲ့ အရသာမှုန့် နှင့်ငံပြာရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
- အရသာ သမသွားတာနဲ့ ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် တည်ပေးပါ
- ရေခမ်းပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ ငရုတ်သီးစိမ်းကို ထည့်မွှေပေးပြီး မီးပိတ်ပေးကာ လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ ခနထားပေးပါ
- မီးပိတ်ပြီးမှ နံနံပင်အုပ်ကာ အရသာရှိလှသော ပုဇွန်ချဉ်ကြော် ချဉ်ငံစပ်မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment