Sunday 10 November 2019

အုန်းသီး သကြားမုန့်ဖက်ထုတ်















ဒီနေ့တော့ နေ့လည်နေ့ခင်း ဘာမုန့်လေး လုပ်စားရင် ကောင်းမလဲလို့ စဉ်းစားရင်းက အုန်းသီးသကြား မုန့်ဖက်ထုတ်လေး စားချင်တာနဲ့ ထုတ်ဖြစ်သွားပါတယ်။ ငှက်ပျောရွက် လတ်လတ်ဆတ်ဆတ်လေးတွေ ရရင်တော့ ထုတ်ရတာ ပိုပြီးအဆင်ပြေပါတယ်။

မာမာတို့ဆီမှာတော့ ငှက်ပျောရွက်က လတ်လတ်ဆတ်ဆတ် မရဘဲ ခဲထားတာတွေဘဲ ရတဲ့အတွက် ကိုင်ရတွယ်ရတာလဲ တော်တော် သတိထားရပါတယ် ခဲထားတဲ့ အရွက်တွေက ပိုပြီးညစ်ပါတ်တယ်လို့ ထင်ရတဲ့အတွက် ရေကိုလဲ သတိထားပြီး စင်အောင်ဆေးရပါတယ်။

မုန့်ထုတ်တဲ့ နေရာမှာလဲ အရွက်တစ်ထပ်ဆို ကွဲထွက်လွယ်တဲ့အတွက် မိမိအဆင်ပြေသလို အရွက်ကို နှစ်ထပ်သုံးထပ် ထပ်ပေးပြီးမှ ထုတ်ပေးစေချင်ပါတယ် အဓိက ကတော့ မုန့်သားကို လုံအောင် ထုတ်ပေးဖို့ကသာ အဓိကပါဘဲ ပြီးမှ မလိုတဲ့ အစကို ကပ်ကျေးနဲ့ ညှပ်ထုတ်ပေးပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထုတ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန်မှုန့် - ထမင်းပေါင်းအို ဆန်ချင်ဗူး ၄ဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. Ready made အုန်းသီးမှုန့် အခြောက် - ၂၂၀ဂရမ်
  4. အုန်းသီးမှုန့်မရှိပါက အုန်းသီးအစို - တစ်လုံးကို ခြစ်ပေးပါ
  5. သကြား - ထမင်းစားဇွန် ၅ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
  6. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - အနည်းငယ်
  8. ငှက်ပျောရွက် - လိုသလောက်
  9. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး - ၂ဗူး သာသာ ( မုန့်သားစပ်ရန်)
  10. ရေ ထမင်းစားဇွန်း - လေးဇွန်း (အုန်းယိုထိုးရန်)
ပြင်ဆင်ပုံ
  • အသုံးပြုမည့်ဖက် ပြင်ဆင်ရန်
  • ငှက်ပျောရွက်ကိုသုံးလျှင် ခန့်မှန်းခြေ အနံ ၈လက်မ အလျှား ၁၀လက်မ လောက် ဖြတ်ထားပေးပြီး ဖက်ရွက်ပျော့သွားအောင် မီးနှင့်အရွက် မထိဘဲ ပူတယ်ဆိုရုံလေး ဖက်ပျော့သွားအောင် မီးအနည်းငယ် ကင်ပေးပါ
  • မုန့်ထုတ်ကာနီးပါက ရေစင်အောင် အ၀တ်စသန့်သန့်နှင့် သုတ်ထားပေးပါ
  • အဝတ်စနှင့် သုတ်ပေးပြီးတာနဲ့ ငှက်ပျောရွက်များကို ဆီနှင့် သုတ်ပေးထားပါ
မုန့်သားစပ်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို ရေနည်းနည်းခြင်းထည့်ကာ မုန့်သားပျော့လာတဲ့အထိ နယ်ပေးပါ
  • အသုံးပြုသော ဆန်မှုန့် ကောက်ညှင်းမှုန့်များ မတူနိူင်တဲ့အတွက် ရေကို နည်းနည်းခြင်း ထည့်ပြီးမှ နယ်ပေးပြီး လိုတိုးပိုလျှော့ လုပ်ပေးပါ
  • မုန့်သား အနေတော် ရပြီဆိုတာနဲ့ အခန်းအပူချိန်အတိုင်း ခနနှပ်ထားပေးပါ
အုန်းယိုထိုးရန်
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေး၍ အုန်းသီးမှုန့် ဆား သကြားနှင့်ရေ ထမင်းစားဇွန်း လေးဇွန်းလောက်ထည့်ပြီး သကြားပျော်အောင် ဆက်တိုက်မွှေပြီး လှော်လိုက်ပါ
  • သကြားပျော်ပြီး အုန်းသီးအညိုရောင်လေး နည်းနည်းသန်းလာတာနဲ့ မီးပိတ်ပါ
  • အုန်းယို တော်တော်လေး နွေးနေပြီး အရမ်းမအေးခင်မှာ ကွမ်းသီးဆံ အလုံးလောက်လေးတွေ  လုံးပေးပါ
  • အေးသွားလျှင် သကြားများခဲပြီး လုံး၍မရတော့ပါ
  • ready made အုန်းသီးခြစ်ပြီးသား မရှိပါက အုန်းသီးတလုံးကို ခြစ်ပြီး အသုံးပြုနိူင်ပါတယ်
မုန့်လုံးအစာသွပ်ပုံ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ မုန့်သားကို ကွမ်းသီးလုံးလောက် အနေတော်ဖဲ့ယူပြီး လုံးပေးပါ
  • တစ်လုံးစာ ဖဲ့ထားသော မုန့်သားကို မုန့်သားညက်အောင် လက်နှင့်ဆုတ်ပေးပြီး အရင်ဆုံး ၁၀လုံးစာရအောင် လုံးပေးပါ
  • မုန့်အလုံးလေး ရပြီဆိုမှ မုန့်လုံးကို အလယ်အခွက်လေး ဖြစ်အောင် လက်မနှင့် ဖိပြီး ချိုင့်လေး လုပ်ပေးပါ
  • အချိုင့်လေး ရပြီဆိုမှ အုန်းယိုထည့်ပြီး မုန့်ဧ။်ဘေးသားကို အသာလေးယူပြီး လုံအောင် ပြန်ပိတ်ပြီး လက်နှစ်ဖက်ကြားထည့်၍ လုံးသွားအောင် လုံးပေးပါ
  • ထိုနည်းအတိုင်း မုန့်လုံး လုံးထားသော မုန့်သားကုန်အောင် အစာသွပ်ပေးပါ
ဖက်ထုတ်ပုံ
  • ရေစိမ်ပြီး ရေခြောက်အောင် သုတ်ကာ ဆီနှင့်သုတ်ထားသော ငှက်ပျောရွက်ကို နှစ်ထပ်ထပ်ကာ ကတော့ပုံ ထိုးပေးပါ
  • ဇလုံခပ်သေးသေး တစ်လုံးထဲမှာ ဆီအနည်းငယ် ထဲ့ပေးထားပါ
  • အစာသွပ်ပြီး လုံးထားသော မုန့်သားကို ဆီဇလုံထဲမှာ ခနလေး နှစ်ပေးပါ
  • ကန်တော့ပုံ ထိုးထားသော ငှက်ပျောရွက်ထဲမှာ လုံးထားသော မုန့်လုံးကိုထည့်ပြီး လုံအောင်ပိတ်ပေးကာ ပိုနေသောအစကို ကပ်ကြေးဖြင့် ညှပ်ပေးပါ
  • မုန့်သားအားလုံး ထုတ်ပြီးတာနဲ့ ပေါင်းအိုးထဲမှာ မှောက်ရက်ပုံစံ စီပြီးထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေတစ်၀က်သာသာထည့်ပြီး ပေါင်းခံခုံကို ထဲ့ပေးပါ
  • ထိုပေါင်းခံခုံပေါ်မှာ မုတ်ဖက်ထုတ် ထဲ့ထားသော ပေါင်းခံဇကာကို တင်ကာ အိုးအဖုံး အုပ်ပေးပါ
  • ပေါင်းမည့် ခလုတ်နှင့် မိနစ်နှစ်ဆယ် ခလုတ်ကို နှိပ်ပြီး မီးဖွင့်ပေးကာ အဖုံးအုပ်ပြီး မိနစ်နှစ်ဆယ် ပေါင်းပေးပါ
  • ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အုန်းသီးသကြား မုန့်ဖက်ထုတ် ပူပူလေး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment