Saturday 2 November 2019

ဆွမ်းမွှေး ကျောက်ကျော








ဒီနေ့တော့ ဖောက်လက်စ ကျောက်ကျောမှုန့် အထုတ်လေး တစ်ဝက်ပိုနေတာနဲ့ အုန်းရည်ဗူးလေး တစ်ဗူး ရယ် ဆွမ်းမွှေးရည်လေးနဲ့ရောပြီး အချိုတည်းဖို့ ကျောက်ကျောလး လုပ်ပါတယ်။

ကျောက်ကျောကို အရောင်ပြေးလေး လိုချင်တာနဲ့ အုန်းရည်နဲ့ ကျိုထားတဲ့ ကျောက်ကျောကို အရမ်းမခဲသေးခင် ဆွမ်းမွှေးရည်နဲ့ ကျိုထားတဲ့ ကျောက်ကျောရည်ကို ခပ်ဖြေးဖြေးလေးလေး လောင်းထဲ့လိုက်ပြီး လုပ်ထားတဲ့အတွက် ရောင်ပြေးလေးနဲ့ ကြည်လင်ပြီး အရမ်းလဲ လှပါတယ်။

စားရတာ ဆွမ်းမွှေးအနံ့လေးရယ် အုန်းရည်အနံ့လေးရယ် ရောနေပြီး  စိမ့်စိမ့်မွှေးမွှေးလေးနဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကျောက်ကျောမှုန့်  -12 g  ( တစ်ရောင်စီကို တစ်ဝက်စီ ခွဲသုံးပါ)
  2. သကြား - 50 g (တစ်ရောင်စီကို တစ်ဝက်စီ ခွဲသုံးပါ)
  3. အုန်းရည်ဗူး - 310 ml 
  4. ဆွမ်းမွှေးရည် - 350 ml (ကျောက်ကျောကျိုရန်)
  5. ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး (သို့) ဗန်း - တစ်ခု
  6. ဇောက်နက်သော အနေတော်အိုး - တစ်လုံး
ပြင်ဆင်ပုံ
  • ဆွမ်းမွှေးရွက်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ပေးပါ
  • ပြီးတာနဲ့ ဗလင်ဒါထဲမှာ ရေအနည်းငယ်နှင့် ဆွမ်းမွှေးရွက်တို့ အတူထဲ့ပြီး ညက်သွားအောင် ကြိတ်ပေးပါ
  • အရွက်များ ညက်သွားတာနဲ့  အဝတ်ပါးစလေးခံကာ အရည်များ စစ်ပေးပါ
  • အရည်စစ်ပြီးသား ဆွမ်းမွှေးရွက် အဖတ်များကို လွှင့်ပြစ်လိုက်ပါ
  • ဇလုံ တစ်လုံးထဲမှာ ကျောက်ကျောမှုန့် 6 g ၊ အုန်းရည်နှင့်  သကြား 25 g တို့ကို အရည်ပျော်သွားအောင် ရောမွှေထားပေးပါ
  • ဆွမ်းမွှေးရည်နှင့် ကျောက်ကျောမှုန့် 25 g တို့ကိုထဲ့ပြီး ကျောက်ကျောမှုန့်များ ပျော်သွားအောင် ရောမွှေထားပေးပါ
  • ကျိုပြီးသား ကျောက်ကျောရည်ထည့်ရန် ပလပ်စတစ်ဗူး (သို့မဟုတ်) ဗန်းကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အနေတော် အိုးထဲတွင် အရင်ဆုံး အုန်းရည် ကျောက်ကျော ဖျော်ရည်ကိုထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ကျောက်ကျောရည်များ ပွက်ပွက်ဆူလာပါက မီးကို အလယ်လောက်အထိ လျှော့ပေးပြီး ကျိုပေးပါ
  • ကျိုနေသော ကျောက်ကျောရည်များ တော်တော်လေး ပျစ်လာတဲ့အထိ မွှေပေးပါ
  • မွှေနေစဉ်မှာ ကျောက်ကျောအရည်များ ပျစ်လာပါက  ကျောက်ကျောရည်ကို ဇွန်းနှင့်ခပ်ကာ ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ကျောက်ကျောရည် အစက်လေးကို ချပေးပါ
  • အစက်ချထားသော ကျောက်ကျောရည်ကို မိနစ်ဝက်လောက်နေရင် လက်ကလေးနဲ့ တွန်းကြည့်ပါ
  • ပန်းကန်ပြားထဲမှ ကျောက်ကျောရည် ခဲသွားပါက အဆင်သင့် ပြင်ထားသော ဗူးထဲသို့ ကျောက်ကျောရည်ကို လောင်းထည့်ပေးပါ
  • တစ်ဆက်ထဲမှာဘဲ နောက်ထပ်အိုးအနေတော် တစ်လုံးထဲမှာ ဆွမ်းမွှေးကျောက်ကျော ဖျော်ရည်ကိုထဲ့ပြီး ကျိုပေးပါ
  • ကျောက်ကျောရည်များ ပွက်ပွက်ဆူလာပါက မီးကို အလယ်လောက်အထိ လျှော့ပေးပြီး ကျိုပေးပါ
  • ကျိုနေသော ကျောက်ကျောရည်များ တော်တော်လေး ပျစ်လာတဲ့အထိ မွှေပေးပါ
  • မွှေနေစဉ်မှာ ကျောက်ကျောအရည်များ ပျစ်လာပါက  ကျောက်ကျောရည်ကို ဇွန်းနှင့်ခပ်ကာ ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ကျောက်ကျောရည် အစက်လေးကို ချပေးပါ
  • အစက်ချထားသော ကျောက်ကျောရည်ကို မိနစ်ဝက်လောက်နေရင် လက်ကလေးနဲ့ တွန်းကြည့်ပါ
  • ပန်းကန်ပြားထဲမှ ကျောက်ကျောရည် ခဲသွားပါက အရင်ဆုံး ကျိုပြီးထဲ့ထားသော ကျောက်ကျောရည်ဗူးထဲကို ရောပြီးလာင်းထဲ့ပေးပါ
  • ပြီးတာနဲ့ ခဲသွားတဲ့အထိ အခန်းအပူချိန်အတိုင်း အအေးခံပေးပါ
  • ကျောက်ကျောရည်များ ခဲသွားမှ ရေခဲသေတာထဲမှာ ထဲ့ထားပြီး မိမိနှစ်သက်သလို လှီးပေးပါ
  • မိမိနှစ်သက်သလို လှီးပေးပြီးတာနဲ့ အချိုပွဲအဖြစ် အဖြူအစိမ်း အရောင်နှောနေတဲ့ အုန်းရည်ဆွှမ်းမွှေး ကျောက်ကျော မွှေးမွှေးလေးကို စားသုံးဖို့ ပြင်ပေးနိူင်ပါပြီ။
မှတ်ချက် ။။ အချိုအရသာ ပိုကြိုက်ရင် သကြားကို ပိုထဲ့ပေးပါ။

No comments:

Post a Comment