ဒီနေ့တော့ ကြက်ရင်ပုံသားကို စားလို့ကောင်းပြီး ဝါးရတာ တစ်ထုတ်ထုတ်နဲ့ မာကျစ်ကျစ်လေး ဖြစ်စေမဲ့ ကြက်သားလုံးလေးတွေ လုပ်ဖြစ်ပါတယ်။ မာမာကတော့ ကြက်သားလုံးလေးတွေကို ဟင်းချိုချက်ရင်ဘဲ ဖြစ်ဖြစ် အသီးအရွက်လေးတွေနဲ့ ရောပြီးချက်ရင်ဘဲ ဖြစ်ဖြစ် ဟင်းချက်ဖို့ လိုချင်တဲ့အခါ အဆင်သင့် ရလေအောင် သိမ်းထားဖို့အတွက် မာမာ ပြင်ဆင်ပြီး လုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 500 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- Baking powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပီလောပီနံမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ရေခဲတုံး - 60 g
- ရေ - 3 cups (ရေခဲနှင့် ရောရန်အတွက်)
- ပလပ်စတစ်အိတ် - တစ်အိတ်
- အသားကြိတ်စက်
- ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
- အသား ကြိတ်တဲ့အထဲ ထည့်ရန်အတွက် ရေခဲကိုလဲ အဆင်သင့် ပြင်ထားပါ
- ပြီးတာနဲ့ ကြိတ်စက်ထဲမှာ ကြက်သား ဆား ငရုတ်ကောင်းမှုန့် အရသာမှုန့် ပြောင်းဖူးမှုန့် ပဲငံပြာရည်အကြည် baking powderနှင့် ရေခဲတုံးတို့ထည့်ပြီး အသားကို ညက်နေအောင် ကြိတ်ပေးပါ
- အသားကြိတ်နေရင်း ကြိတ်စက်ကို တစ်မိနစ်ကြိတ်လိုက် တစ်ခါးရပ်လိုက် လုပ်ပေးပြီး ၅မိနစ်လောက် ကြိတ်ပေးပါ
- ပြီးတာနဲ့ ကြိတ်ထားသော ကြိတ်သားများကို ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ နှစ်နာရီလောက် ထည့်ပေးပြီး နှပ်ထားပေးပါ
- အသားနှပ်ထားချိန် နှစ်နာရီ ပြည့်တာနဲ့ အပြင်ထုတ်ပြီး ကြိတ်စက်ထဲ ပြန်ထည့်ကာ ငါးမိနစ်လောက် ထပ်ကြိတ်ပေးပါ
- ကြက်သားကြိတ်ပြီးတာနဲ့ ပလပ်စတစ်အိတ်ထဲကို ပြောင်းထဲ့ပေးပါ
- အိတ်ကို ထိပ်ဖက်မှ ပိတ်ပေးပြီး အိတ်ရဲ့ထောင့်စွန်းကို အနည်းငယ် ဖောက်ပေးပါ
- ပြီးတာနဲ့ ရေခဲတုံးနှင့်ရေတို့ကို ဇလုံတစ်လုံးထဲမှာ ထည့်ထားပေးပါ
- ဇောက်နက်သော အိုးထဲမှာ ရေတစ်ဝက်လောက်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ချပေးပါ
- မီးလျှော့ပေးပြီးတာနဲ့ ကြက်ကြိတ်သားကို အိတ်ရဲ့ ထာင့်စွန်းမှာ ခပ်သေးသေး အပေါင်လေး ညှပ်ပေးကာ တစ်လုံးချင်း ညှစ်ချပြီး ထည့်ပေးပါ
- ကြက်သားလုံးများ ကျက်လာပြီး ရေပေါ်ပေါ်လာတာနဲ့ ၅မိနစ်ခန့် ထားပြီးမှ ဆယ်ပေးပါ
- ဆယ်ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော ရေခဲရေ ဇလုံထဲကို ထည့်ပေးပြီး နာရီဝက်လောက် စိမ်ထားပါ
- အထက်ပါ နည်းအတိုင်း ကြက်ကြိတ်သားကို ကုန်တဲ့အထိ ပြုပ်ပေးပါ
- ရေခဲရေ စိမ်ထားချိန် ပြည့်တာနဲ့ဆယ်ပြီး ရေစစ်ပေးပါ
- ရေစစ်သွားတာနဲ့ လေလုံဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး မိမိလိုသလို ထုတ်ယူပြီး ချက်ပြုပ်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment