အခုရက်ထဲ ရာသီဥတုက ပူလာလေ ထမင်းစားလေးက ပျက်ချင်လာလေမို့ ဒီနေ့တော့ Basa ငါးကို မွှေးမွှေးပူပူလေး ပေါင်းပြီးတော့ စားဖြစ်ခဲ့ပါတယ် တရုတ်ဟင်း စားဖွယ်ရာလေးပါ ချက်နည်းက လွယ်ကူပြီး မြန်လဲမြန်ပါတယ် ဒါကြောင့်မို့ မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ငါးပေါင်းရန်အတွက်
- Basa- 350 g
- Chinese cooking wine - ထမင်းစားဇွန်း ၂ဇွန်း
- ချင်း - လှီးပြီးသား ထမင်းစားဇွန်း ၃ဇွန်းခန့်
ငါးပေါင်းပြီး ဟင်းပွဲစပ်ရပ်အတွက်
- Apple Vinegar - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း
- Fish Sauce - ထမင်းစားဇွန်း တစ်ဝက်
- Soy Sauce - ထမင်းစားဇွန်း တစ်ဝက်
- မြေပဲဆီ - ထမင်းစားဇွန်း လေးဇွန်း
- ကြက်သွန်မိတ် - ၃ပင်ခန့်
- သကြား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ
ပြင်ဆင်ပုံ
- ငါးကို ရေဆေးပြီး ၂လက်မသာသာ အရွယ်တော်တုံးကာ ရေစစ်ထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အရှည်အမြှောင်းလေးများ ရအောင် လှီးထားပါ
- အပူခံသော ကြွေကန်းကန် တခုထဲမှာ ငါးကို ထည့်ပြီး ငါးပေါ်မှာ ချင်းကိုထည့်ပါ
- ငါးပန်းကန်ထဲကို cooking wineကို ထည့်ပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးအောက်ခံ ရေအိုးကို ရေတ၀က်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
- ရေဆူလာတာနဲ့ ငါးထည့်ထားသော ပန်းကန်ကို ပေါင်းအိုးဇကာထဲထည့်ကာ အဖုံးအုပ်ပြီး ၁၅မိနစ်လောက် ပေါင်းပေးပါ
- ငါးပေါင်းကျက်သွားပါက ပေါင်းအိုးထဲမှာ ငါးပန်းကန်ကို ခနထားပေးပါ
- ကြက်သွန်မိတ်ကို ပုံပါအတိုင်း လှီးပြီး မွှထားပါ
ငါးအပေါ်ဆမ်းရန် အရသာစပ်နည်း
- ဇောက်နက်သော အိုးသေးသေး တလုံးမှာ ဗီနီကာ ဆီ ငံပြာရည် ပဲငံပြာရည်အကြည်တို့ကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ
- ပေါင်းးထားသော ငါးပန်းကန်ကို အပြင်ထုတ်ပြီး ငါးပေါင်းစဉ် ထွက်လာသော အရည်များကို ဖယ်လိုက်ပြီး ဆားနှင့် သကြားကို ငါးအပေါ် ဖြူးပေးပါ
- အရှည်အမြှောင်း လှီးထားသော ကြက်သွန်မိတ်ကို ငါးအပေါ် ဖွပြီးတင်ပေးပါ
- ပွက်ပွက်ဆူနေသော ဟင်းအရသာ အနှစ်ကို ကြက်သွန်မိတ်ပေါ်မှနေ၍ ငါးအပေါ်ကို ပူနေတုန်း ဖြည်းဖြည်းခြင်းလောင်းချပါ
- ပြီးတာနဲ့ ချင်းမျှင် ငါးပေါင်း မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment