ပဲဆုတ်ကြော်လို့ ပြောပေမဲ့ တကယ်တော့ ဗယာကြော်ပါဘဲ ဗယာကြော်လို ကုလားပဲခြမ်းကို ကြော်တာမဟုတ်ဘဲ Black Eye Bean ကို ကြော်ထားတာပါ။
ဒီပဲကြော်က မြန်မာပြည်မှာ နေတုန်းက မုတ္တမပင်လယ်ကွေ့ ဘေးနားက တိုက်နယ်ဆေးရုံမှာ အမျိုးသား တာဝန်ကျစဉ် လိုက်နေတုံးက ရွာခံလူတွေ ကြော်စားနေကျ အကြော်တမျိုးပါ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ၆နာရီလောက် ရေစိမ်ထားသော ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
- ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနမ်ရွက် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
- ခပ်ကြမ်းကြမ်းလှီးထားသော နံနံပင် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
- ညက်နေအောင် ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
- ဆန်အစိမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ခပ်ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - နှစ်သက်သလောက်
- ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
- ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ဆီ ထမင်းပေါင်းအိုး - ဆန်ချင်ဗူး ၂ဗူး
ပြင်ဆင်ပုံ
- ရေစိမ်ထားသောပဲကို ရေစစ်ကာ ဘလင်ဒါထဲထည့်ပြီး တမိနစ်ဆီ ၇ခါလောက် ကြိတ်ပေးပါ
- ဇလုံကျယ်ကျယ် တလုံးထဲမှာ ဆီမှလွဲပြီး ပါဝင်ပစ္စည်းများကို ထည့်ပြီး သမအောင်နယ်ပေးပါ
- အားလုံးသမသွားတာနဲ့ လက်ကို ရေစွတ်ပြီး အနေတော် ဆုတ်ပြီးလုံးပေးပါ
- ပဲကို အလုံးလေးရအောင် ကျစ်ပြီး ကွဲမထွက်အောင် ဖြည်းဖြည်းခြင်း ဆုတ်ပေးပါ
- ရွယ်တူ ၁၁လုံးလောက် ရပါမယ်
- ဇောက်နက်သော အိုးထဲမှာ ဆီကို မီးပြင်းပြင်းနဲ့အပူပေးပါ
- ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီး အငွေ့သေအောင် ထားပေးပါ
- ဆီအငွေ့သေမှ ပဲဆုတ်များကို တစ်လုံးခြင်း ထည့်ကြော်ပေးပါ
- တဖက်ကျက်လျှင် တဖက်ကို လှန်ပေးပါ
- နှစ်ဖက်လုံးကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားတာနဲ့ မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment